သထုံမြို့ ဗူးဘုရားစေတီတော်ရှိ နှစ်ကျိပ်ရှစ်ဆူ ရုပ်ပွားတော်မြတ်များ ပင့်ဆောင်ပူဇော် လှည့်လည်ပွဲ ယခုနှစ်၌ ကျင်းပတော့မည် မဟုတ်

သထုံ  နိုဝင်ဘာ ၁၉

မွန်ပြည်နယ်၊ သထုံမြို့၊ ဗူးဘုရားစေတီတော်ရှိ နှစ်ကျိပ်ရှစ်ဆူ ရုပ်ပွားတော်မြတ်များကို ယခုနှစ်၌ ကိုဗစ်-၁၉ ရောဂါကြောင့် ရပ်ကွက်/ကျေးရွာအသီးသီးသို့ ပင့်ဆောင်ပူဇော်ခြင်း၊ မြို့တွင်း လှည်လည်အပူဇော်ခံခြင်းများ ပြုလုပ်တော့မည်မဟုတ်ကြောင်း စေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှ သိရသည်။

သထုံမြို့နယ်အတွင်း ပြည်သူများ လူစုလူဝေးများမှတစ်ဆင့် ကိုဗစ်-၁၉ ရောဂါကူးစက်မှု မဖြစ်စေရန် ဆရာတော်သံဃာတော်များ၏ သြဝါဒလမ်းညွှန်ချက်ဖြင့် ရုပ်ပွားတော်မြတ်များ ပင့်ဆောင်ပူဇော် လှည့်လည်ပွဲကို မပြုလုပ်ရ‌တော့ခြင်းဖြစ်ကြောင်း ဗူးဘုရား‌ စေတီတော် ဂေါပကအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

"ပုံမှန်ဆို ဒီရက်တွေဆို ရပ်ကွက်ကျေးရွာအလိုက်ပင့်ဆောင်ပြီး တရားပွဲတွေလုပ်တာ အလှူလုပ် တာတွေ လုပ်နေကြပါပြီ။ နှစ်စဉ်နှစ်တိုင်း နှစ်ကျိပ်ရှစ်ဆူဘုရားပင့်ပူဇော်ပွဲလုပ်ဖို့က ရပ်ကွက် တွေက သူတို့အစီစဉ်နဲ့ သူတို့လုပ်ဆောင်ကြတယ်။ ဒီနှစ်ကတော့ မြို့နယ်သံဃာ့နာယက အဖွဲ့ကလည်း စာထုတ်တားမြစ်ထားသလို ဩဝါဒါစရိယဆရာတော်တွေကလည်း မိန့်ကြားထား ပါတယ် မလုပ်ဖို့ပေါ့။ ရပ်ကွက်ကျေးရွာတွေထဲ ပင့်ဆောင်ပူဇော်မှု မလုပ်ရတော့ဘူးဆိုတော့ မြို့လုံးကျွတ်လှည့်လည် အပူဇော်ခံတာလည်း မရှိတော့ဘူးပေါ့။

မြို့လုံးကျွတ် လှည့်လည်တာကျတော့ အရမ်းကိုလူများတော့ မလုပ်ဖြစ်တော့တာပါ'' ဟု ဗူးဘုရားစေတီတော် ဂေါပကအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ဦးစိုးမြင့်က ပြောသည်။

ဗူးဘုရား‌စေတီဓမ္မာရုံ၌ တစ်နှစ်ပတ်လုံး ကိန်း၀ပ်စံပယ်တော်မူသော နှစ်ကျိပ်ရှစ်ဆူ ရုပ်ပွားတော် မြတ်များကို နှစ်စဉ် တန်ဆောင်မုန်းလဆန်း (၁) ရက်နေ့မှ စတင်ကာ ရပ်ကွက်/ ကျေးရွာ အသီးသီးသို့ ဒေသခံများက မိမိတို့အသင်းအဖွဲ့များအလိုက် စည်ကားစွာ ပင့်ဆောင်ပူဇော်ကြပြီး တန်ဆောင်မုန်းလဆန်း ၁၂ ရက်နေ့နှင့် ၁၃ ရက်နေ့ ညပိုင်းတို့တွင် မြို့လုံးကျွတ် စုပေါင်း လှည့်လည်အပူဇော်ခံပွဲ ပြုလုပ်လေ့ရှိရာ သထုံမြို့နယ်အတွင်း ရိုးရာမပျက် နှစ်စဉ်စည်ကားစွာ ကျင်းပလေ့ရှိသည့် ပွဲတော် တစ်ခုဖြစ်ကြောင်း သိရသည်။

သက်ဦး(သထုံ)