မကွေး နိုဝင်ဘာ ၁၉
မကွေးတိုင်းဒေသကြီး မကွေးမြို့နယ်၌ ကိုဗစ်-၁၉ ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားများအား နိုင်ငံတော်အစိုးရမှ အိမ်ထောင်စု တစ်စုလျင် ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် စတုတ္ထအကြိမ် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီ အချိန်က မကွေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
နိုင်ငံတော်၏ငွေကြေးများအား ဖြန့်ဝေထောက်ပံ့မည့်ကိစ္စနှင့် ပတ်သက်၍ မကွေးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသက်လွင်က တာဝန်ယူ၊တာဝန်ခံမှုစနစ်ဖြင့် ဖြန့်ဝေထောက်ပံ့ပေးသွားရန်၊ အခြား မလိုလားအပ်သော ပြဿနာများ မဖြစ်ပေါ်စေရေးအတွက် အထူးအလေးထား ဆောင်ရွက်ပေးရန်၊ သက်ဆိုင်ရာ အခြေခံအိမ်ထောင်စုများထံ အလျင်အမြန် ပြည့်ဝစွာ ထောက်ပံ့ရန်၊ မည်သည့် အကြောင်းနှင့်မျှ အလှူခံခြင်းမပြုလုပ်ရန်နှင့် စရိတ်ဖြတ် တောက်ခြင်းများ လုံးဝ(လုံးဝ)မပြုလုပ်ရန်တို့ကို မှာကြား ပြီး အခမ်းအနားသို့ တက်ရောက်လာသည့် မကွေးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆန်း၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များဖြစ် သည့် ဦးကျော်ဌေးနှင့် ဒေါ်ခင်ချိုလတ်တို့က နိုင်ငံတော်မှထောက်ပံ့သည့် ထောက်ပံ့ငွေများအပေါ် ရသင့်ရထိုက်သည့် အိမ်ထောင်စုများသာ ရရှိစေရန် ကိစ္စများနှင့် မြို့နယ် အုပ်ချုပ်ရေးမှူး၏ မှာကြားချက် များအပေါ် အသီးသီးဖြည့်စွပ်မှာကြားကာ ရပ်ကွက်၊ကျေးရွာ အုပ်ချုပ်ရေးမှူးများ ထံ ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
မကွေးမြို့နယ်တွင် မြို့နယ်အတွင်း ဖြန့်ဝေထောက်ပံ့မည့် ရပ်ကွက်/ကျေးရွာအုပ်စု(၇၆)အုပ်စု မှ အိမ်ထောင်စုတို့အတွက် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံ ဖြန့်ဝေ ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး၊သက်ဆိုင်ရာ အခြေခံ အိမ်ထောင်စုများထံ အလျင်အမြန် ပြည့်ဝစွာ ဖြန့်ဝေ ထောက်ပံ့ပေးနိုင်ရေး ဖွဲ့စည်းတာဝန် ပေးထားသည့် ဌာနဆိုင်ရာ ကြီးကြပ်အဖွဲ့များက စနစ်တကျ ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)