ပခုက္ကူမြို့၊ လူထုအခြေပြုဗဟိုဌာန၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဆွေးနွေးပွဲပြုလုပ်

ပခုက္ကူ ဩဂုတ် ၁၂

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် (၁၀) နာရီအချိန်က ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဆွေးနွေးပွဲကျင်းပပြုလုပ်သည်။

အဆိုပါဆွေးနွေးပွဲတွင် ပခုက္ကူမြို့နယ် အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ထွေးထွေးခိုင်က ကလေးအလုပ်သမားများ၏အဓိပ္ပါယ်၊ ကလေးအလုပ်သမား အသက်ရွယ်၊ အလုပ်ချိန်သတ်မှတ်ချက်များ၊ ကလေးငယ်၏ စိတ်ပိုင်းနှင့်ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေသည့် အလုပ်အကိုင်အမျိုးအစားများ၊ ကလေးအလုပ်သမားအများဆုံးတွေ့မြင်ရသည့် အလုပ်နေရာများ၊ ကလေးအလုပ်သမားအတွက် အကာအကွယ်ပေးထားသည့် ဥပဒေများ၊ ကလေးငယ်များအား အဆိုးရွားဆုံးပုံစံဖြင့် အလုပ်ခိုင်းစေသူများအား အရေးယူအပြစ်ပေးနိုင်သည့် ပြစ်မှု၊ ပြစ်ဒဏ်များ၊ မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက်များ အကြောင်းတို့ကို ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် ဆွေးနွေးပွဲတက်ရောက်လာသည့် မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ လုပ်ငန်းရှင်များက ကလေးအလုပ်သမားပ‌ပျောက်ရေးနှင့်ပတ်သက်၍ သိရှိလိုသည်များ မေးမြန်းဆွေးနွေးကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)