ယင်းမာပင်မြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု (CERP) အစီအစဉ်ဖြင့် စိုက်ပျိုးထားသော မိုးစပါးမျိုးစေ့ထုတ် စံပြကွက် ရိတ်သိမ်းခြင်းနှင့် စပါးဖြုတ်ပိုး ကာကွယ်ရေးဆွေးနွေး

ယင်းမာပင် နိုဝင်ဘာ ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်တွင် CERP ဖြင့်စိုက်ပျိုး ထားသော မိုးစပါးမျိုးစေ့ထုတ် စံပြကွက်ရိတ် သိမ်းခြင်းနှင့် စပါးဖြုတ်ပိုးကာကွယ်ရေး ဆွေးနွေးပွဲကို ယနေ့နံနက် (၉) ခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။ 

စံကွက်ရိတ်သိမ်းခြင်းကို ယင်းမာပင်မြို့နယ်၊ ညောင်ပင်ကြီးစုကျေးရွာ တောင်သူ ဦးသိန်း ထွန်း၊ ကွင်းအမှတ် ၈၈၃ (က) ၏  ကိုယ်စားပြု ဧက (၃) ဧက စံကွက်ရိတ်သိမ်းရာ တစ်ဧက လျှင် (၈၂) တင်းနှုန်း ထွက်ရှိခဲ့ကြောင်း သိရသည်။

ထို့နောက် တောင်သူများအား စပါးဖြုတ်ပိုးကာကွယ်ရေးဆွေးနွေးရာတွင် ယင်းမာပင် ခရိုင်စိုက် ပျိုးရေး ဦးစီးဌာနမှ ဒေါ်မြတ်မိုးဝင်းနှင့် လယ်ယာမြေစီမံ ခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီး ဌာန လက်ထောက်ဦးစီးမှူး ဦးဝင်းလှိုင်တို့မှ အမှာစကားများ ပြောကြားခဲ့ပြီး ယင်းမာပင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မာချိုမှ “ဖြုတ်ပိုးများကျရောက်မှုမှ ကာကွယ်တဲ့ နေရာမှာ ဖြုတ်ပိုးစတင်တွေ့ရှိသည်နှင့် တစ်ပြိုင်နက် ချက်ချင်းရေထုတ်ပါ၊ ကန်သင်း ပတ်ဝန်း ကျင်မှာရှိတဲ့ ပေါင်းမြက်များရှင်းလင်းပါ၊ သဘာဝမိတ်ဆွေပိုးများ သေကြေပျက်စီးမှု မရှိစေရေး ပိုးသတ်ဆေး အလွံအကျွန်မသုံးပဲ လိုအပ်မှသာ ပိုးသတ်ဆေးသုံးစွဲပါ၊ ပိုတက်မြေသြဇာကို မဖြစ်မနေ သုံးပြီး ပိုးကျနေတဲ့အချိန်မှာ ယူရီးယားမြေသြဇာသုံးခြင်းကိုမပြုလုပ်ဖို့ တောင်သူတွေ အနေနဲ့ အထူးဂရု စိုက်ဖို့လိုပါတယ်” ဟု ဆွေးနွေးပြောကြားခဲ့သည်။

အဆိုပါ စံပြကွက်ရိတ်သိမ်းပွဲသို့ ယင်းမာပင်ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်မြတ်မိုး ဝင်းနှင့်ဝန်ထမ်းများ၊ ယင်းမာပင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မာချိုနှင့် ဝန်ထမ်းများ၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ လက်ထောက် ဦးစီးမှူး ဦးဝင်းလှိုင်နှင့် တာဝန်ရှိသူများ၊ တောင်သူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

စိုးမိုး(ပြန်/ဆက်)