လှိုင် ဩဂုတ် ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာပြန့်ပွားရေးနှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ယနေ့နံနက် (၉) နာရီအချိန်က လှိုင်မြို့နယ်အတွင်းရှိ ပြည့်လျှံကိုယ်ပိုင်အထက်တန်းကျောင်းသို့သွားရောက်၍ နယ်လှည့်စာကြည့်တိုက်၊ စာအုပ်စာစောင်ပြပွဲနှင့် အသိပညာပေးဟောပြောပွဲကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးညိုထွန်းက ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးပြီး ထူးချွန်ထက်မြတ်သူများ ဖြစ်လာစေရန်၊ သိသင့်သိထိုက်သည့်အကြောင်းအရာများကို သိရှိနိုင်ရန်အတွက် ကျောင်းစာအပြင် ပြင်ပဗဟုသုတစာပေများကို ဖတ်ကြရန်အတွက် လူကုန်ကူးမှုအန္တရာယ်များ အကြောင်းနှင့် လူငယ်ရေးရာအသိပေးအကြောင်းအရာများကို ဟောပြောခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်အဖြစ် ဦးစီးအရာရှိဦးညိုထွန်းနှင့် ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား အသိပညာတိုးပွားစေမည့် ရုပ်ပုံပြဇာတ်နှင့်ရုပ်ပုံပါ ပုံပြင်စာအုပ်များဖြင့် ပုံပြင်ပြောပြခြင်း၊ နံရံကပ်စာစောင်နှင့်စာအုပ်များအား ဖတ်ရှုစေရန်ပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါ၀င်စားစွာ ဖတ်ရှုလေ့လာကြကြောင်း သိရသည်။
ယမင်း (ပြန်/ဆက်)