ရန်ကုန် နိုဝင်ဘာ ၂၀
ကုန်သွယ်မှုမြှင့်တင်ရေးလုပ်ငန်းကော်မတီ၏ စတုတ္ထအကြိမ်အစည်းအဝေးကို ယမန်နေ့တွင် Video Conferencing ဖြင့် ကျင်းပခဲ့ရာ အသင်းချုပ်အထွေထွေအတွင်းရေးမှူးချုပ် ဦးအေးဝင်း၊ ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာဝင်းစည်သူနှင့် ကော်မတီတွဲဖက်အတွင်းရေးမှူး ဦးအောင်ဇေယျာ လွင်၊ ကော်မတီအဖွဲ့ဝင်များ တက်ရောက်ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲတွင် ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာဝင်းစည်သူမှ ကုန်သွယ်မှုမြှင့်တင်ရေး လုပ်ငန်း ကော်မတီ၏ ဆောင်ရွက်ခဲ့မှုအခြေအနေများ၊ ကိုဗစ် ကပ်ရောဂါကာလ အခြေအနေတွင် တွေ့ကြုံရသော လုပ်ငန်းကဏ္ဍများ၏ အခက်အခဲများ၊ အမျိုးသားပို့ကုန်မဟာဗျူဟာအတွက် လုပ်ငန်း ကော်မတီမှ ဆောင်ရွက်မှုများ၊ ပို့ကုန်မြှင့်တင်ရေးလုပ်ငန်းအဖွဲ့ဖွဲ့စည်းနိုင်ရေး၊ မြန်မာနိုင်ငံ အခြေစိုက်နိုင်ငံတကာ ကုန်သည်ကြီးများအသင်းများမှ အသင်းချုပ်ထံသို့ သဘောထား မှတ်ချက် တောင်းခံခြင်းအပေါ် တွေ့ဆုံညှိနှိုင်းခဲ့ခြင်း၊ သင်ကြားပို့ချခဲ့ပြီးသော Development Model Online Training ကဏ္ဍရပ်တို့နှင့်စပ်လျဉ်း၍ ပြောကြားခဲ့သည်။
အထွေထွေအတွင်းရေးမှူးချုပ် ဦးအေးဝင်းမှ ကုန်သည်စက်မှုအသင်းချုပ်နှင့် နိုဝင်ဘာ လ(၁၅) ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့သော Regional Comprehensive Economic Partnership (RCEP) သဘော တူညီမှုစာချုပ် ၊ RCEP သည် အာဆီယံနိုင်ငံ(၁၀)နိုင်ငံနှင့် တရုတ်၊ဂျပန်၊ ကိုရီးယား၊ ဩစတြေးလျ၊ နယူးဇီလန်နိုင်ငံများ စုစုပေါင်း(၁၅)နိုင်ငံ အကြား ကုန်သွယ်မှုဆိုင်ရာ ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများကို ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ သဘောတူညီသည့် စာချုပ်တစ်ခုဖြစ်ပြီး ကိုဗစ်−၁၉ ကြောင့် ထိခိုက်သွားသည့် စီးပွားရေး ပြန်လည်ကောင်းမွန် လာစေရန် ဆောင်ရွက်ရန်နှင့် အကောက်ခွန်ရှင်းလင်းရေးဆိုင်ရာများ ပါဝင်ကြောင်း မျှဝေ ဆွေးနွေးခဲ့သည်။
တက်ရောက်လာသူများ Trade for Stability Hub ၊ တရုတ်ပြည်နယ်စပ်တွင်ရှိသော ကုန်သွယ် မှုနှင့်ပတ်သက်သော အခြေအနေများ၊ မြဝတီနယ်စပ်တွေ့ကြုံနေရသော အခက်အခဲများ၊ လိုအပ်ပါက အသင်းချုပ်၏သက်ဆိုင်ရာ လုပ်ငန်းကော်မတီများပူးပေါင်းဆောင်ရွက်နိုင်ရေးတို့ကို ညှိနှိုင်း ဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိသည်။
ကျော်ဆန်းမြင့် (လမ်းမတော်)