မင်းလှမြို့တွင် (၁၇)ကြိမ်မြောက် ဌာနဆိုင်ရာများ စုပေါင်းမဟာဘုံကထိန်ပွဲ ကျင်းပနိုင်ရေးညှိနှိုင်းဆွေးနွေး

အောက်မင်းလှ နိုဝင်ဘာ ၂၀

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ (၁၇)ကြိမ်မြောက် ဌာနဆိုင်ရာများ စုပေါင်းမဟာဘုံကထိန်ပွဲကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ရေးနှင့်အညီ ကျင်းပနိုင်ရေးညှိနှိုင်းဆွေးနွေးခြင်းကို ယနေ့ နံနက် ၁၀ နာရီချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးညွန့်က ဒီနှစ်မှာ ကိုဗစ်ရောဂါဖြစ်ပွားမှုကြောင့် ကထိန်ပွဲကို ပဒေသာပင်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခြင်းမပြုလုပ်တော့ဘဲ လူစုလူဝေးမဖြစ်ပွား စေရန်အတွက် ကထိန်ပွဲအေးချမ်းအောင်မြင်စွာ ကျင်းပနိုင်ရေးကို ပွင့်ပွင့်လင်းလင်းဆွေးနွေးကြရန် ပြောကြား သည်။

ထို့နောက် တတ်ရောက်လာသူများက ပဒေသာပင်များသီးခြင်းမပြုလုပ်တော့ဘဲ သံဃာတော်(၁၅) ပါး ပင့်ဖိတ်၍ သင်္ကန်းများနှင့် ငွေသားများကိုသာ စုပေါင်းပြီး နှစ်စဉ်ကျင်းပခဲ့သော မြို့လယ်ဓမ္မာရုံတွင် ကထိန်ခင်းကျင်းကြရန် ဆွေးနွေးခဲ့ကြသည်။

ကထိန်ခင်းကျင်းရာတွင် အမှတ် (၂)ရပ်ကွက်ရှိ ကံဦးဘုန်းတော်ကြီးကျောင်းကို ကထိန်ခင်းကျင်းပေး၍ မြို့ပေါ်ဘုန်းတော်ကြီးကျောင်း (၃၂) ကျောင်းအတွက် သင်္ကန်းနှင့် ငွေသားများအား‌ ပေးပို့လှူဒါန်း သွားမည်ဖြစ်ကြောင်း၊ (၁၇)ကြိမ်မြောက် ဌာနဆိုင်ရာများ စုပေါင်းမဟာဘုံကထိန်ပွဲကို နိုဝင်ဘာ(၂၇) ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ပေါက်စ မင်းလှ