ပုဇွန်တောင်မြို့နယ်၌ ညမထွက်ရအမိန့် ထုတ်ပြန်ကြေညာ

ပုဇွန်တောင်   နိုဝင်ဘာ ၂၀


ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် သက်ဆိုင်ရာ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ယမန်နေ့မှ စတင်၍ ည(၁၂:၀၀)နာရီမှ နောက်တစ်နေ့ နံနက်(၄:၀၀)အထိ ညမထွက်ရအမိန့်ကို ထုတ်ပြန်ခဲ့ပြီး မြို့နယ် အတွင်းရှိ ရပ်ကွက်အားလုံးတွင် အများပြည်သူကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာဆောင်ရွက်နိုင်ရန် ညွှန်ကြားခဲ့ ကြောင်း သိရသည်။
အဆိုပါညမထွက်ရ အမိန့်ကြေညာချက်ကာလမှာ (၂)လကြာမြင့်မည်ဖြစ်ပြီး အဆိုပါကာလ အတွင်း အရေးပေါ် ကိစ္စရပ်များကို သက်ဆိုင်ရာ၏ ခွင့်ပြုချက်ရယူ ဆောင်ရွက်ခြင်းမှ အပ ချိုးဖောက်ပါက တည်ဆဲဥပဒေများ နှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပြီး လက်ရှိအခြေအနေတွင် အများပြည်သူ၏ အကျိုးငှာ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ သက်ဆိုင်ရာ မြို့နယ်ကျန်းမာရေးဌာနမှ သိရှိရပြီး ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများကို သက်ဆိုင်ရာကဏ္ဍအလိုက် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။
နေခြည်(ပြန်/ဆက်)