ဘားအံ နိုဝင်ဘာ ၂၀
ကရင်ပြည်နယ်အတွင်း ကိုရီးယားသမ္မတနိုင်ငံ၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုဌာန (Korea Climate Change Center) အထောက်အပံ့ဖြင့် စိုက်ပျိုးရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် စွမ်းအားမြှင့်မီးဖိုများ ဖြန့်ဖြူးခြင်းစီမံကိန်း (ICSP) Improve Cook Stove Project ၏ ကျေးလက်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် ပြည်နယ်အတွင်း ၂၀၁၉ - ၂၀၂၀ ခုနှစ်တွင် ဘားအံမြို့နယ်နှင့် ကော့ကရိတ်မြို့နယ်တို့ရှိ ကျေးရွာသစ် လှုပ်ရှားမှု စံပြကျေးရွာ တစ်ရွာစီတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၉) နာရီက ဘားအံ မြို့နယ်၊ ဝင်းဒရယ်ကျေးရွာအုပ်စု၊ ပျဉ်းကတိုးကုန်းကျေးရွာ၌ ICSP စီမံကိန်းဖြင့် ကျေးရွာသူ ကျေးရွာသားများ ပူးပေါင်း ပါဝင်လှုပ်ရှားမှုဖြင့် ကျေးရွာချင်းဆက်လမ်း ခင်းကျင်း ဆောင်ရွက် နေမှုတို့အား ကရင်ပြည်နယ်စိုက်ပျိုးရေး ဦးစီမှူး ဦးသန်းထိုက်သည် ဘားအံခရိုင်စိုက်ပျိုးရေး ဦးစီးမှူး ဦးသက်ဆွေလိုက်ပါလျှက် သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ စွမ်းအားမြှင့်မီးဖိုများ ဖြန့်ဖြူးခြင်းစီမံကိန်း (ICSP) အစီအစဉ် ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ရာတွင် စွမ်းဆောင်ရည်မြှင့်တင်သည့် လုပ်ငန်း၊ ဒေသဖွံ့ဖြိုးရေး လူနေမှု အဆင့်အတန်း မြှင့်တင်ရေးလုပ်ငန်း၊ ဝင်ငွေတိုးပွားရေးလုပ်ငန်း၊ အဖြစ်(၃)ပိုင်းရှိရာ ဒေသ ဖွံ့ဖြိုးရေး လူနေမှုအဆင့်အတန်းမြှင့်တင်ရေး အပိုင်းအနေဖြင့် သိန်း(၈၀)အကုန်အကျခံကာ အရှည်(၁၀၀၅)ပေ၊ အကျယ်(၁၅)ပေ၊ ထု(၈)လက်မရှိ ကျေးရွာချင်းဆက် ကွန်ကရစ် လမ်း ဖြစ်ကြောင်းနှင့် ကရင်ပြည်နယ်စိုက်ပျိုးရေး ဦးစီမှူးသည် ကြီးကြပ်ဆောင်ရွက်ရသည့် ဘားအံ မြို့နယ် စိုက်ပျိုးရေးစီးမှူး ဦးဆဲင်ဇခုပ်၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် (ICSP) စီမံကိန်း ကျေးရွာ ကော်မတီ အဖွဲ့ဝင်များအား စီမံကိန်းတွင် ပါဝင်သည့် လိုက်နာဆောင်ရွက်ရမည့် သတ်မှတ်ချက်များအတိုင်း စနစ်တကျ ဖြစ်စေရေး၊ ကျေးရွာသန့်ရှင်းသာယာလှပရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ရန်ပုံငွေများစနစ်တကျ သုံးစွဲရေး/တိုးပွားလာရေးတို့အတွက် ရွာလုံးကျွတ် စည်းလုံးညီညွတ်စွာ ဆောင်ရွက်ရမည့် အချက်များအား အကြံပြုဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)