ကျောက်တန်း နိုဝင်ဘာ ၂၀
ကိုဗစ်-၁၉ ရောဂါ ပျံ့ပွားမှုအား ကာကွယ်တားဆီးနိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားသည့် ညွှန်ကြားချက်များနှင့်အညီ လူစုလူဝေးမဖြစ်ပေါ်စေရန် အတွက် ရန်ကုန်တောင် ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်ရှိဈေးများတွင် Mask စနစ်တကျ တပ်ဆင် ရေး စစ်ဆေးမှုများကို ယနေ့ နံနက် ၉ နာရီက စည်ပင်သာယာမြို့မဈေးနှင့် ကားဂိတ်တို့တွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် ကျောက်တန်းမြို့ စည်ပင်သာယာမြို့မဈေးအတွင်းရှိ ဈေးရောင်း/ဈေးဝယ်သူများ၊ ကားဂိတ်များရှိ ခရီးသွားပြည်သူများအား Mask တပ်ဆင်ရေး အသိပညာပေးခြင်းများ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြချက်များအား အလေးထားလိုက်နာကြရန်နှင့် ကျန်းမာရေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး Mask မပါသူများအား Mask များ အခမဲ့တပ်ဆင်ပေးသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျောက်တန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဦးဆောင်ပြီး မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ များ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး Mask စနစ်တကျ တပ်ဆင်ရေး ရှောင်တခင်စစ်ဆေးမှုများကို ဆက်လက်၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ခင်ဆွေဝင်း (ကျောက်တန်း)