ချောင်းဦး နို၀င်ဘာလ ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု သက်သာရေး စီမံချက် CERP အစီအစဉ်ဖြင့် စိုက်ပျိုးထားသည့် အမြင့်ကျေးရွာ ကွင်းအမှတ်(၁၉၃၆) ၊ ဦးပိုင်အမှတ်(၃၄)၊ တောင်သူ ဦးသိန်းမြင့်၏ အောင်မြင်ဖြစ်ထွန်းနေသော ဆင်းသုခမိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းတွင် ယနေ့ နံနက် ၁၀ နာရီ အချိန်က စံကွက်ရိတ် သိမ်းခြင်း ကွင်းသရုပ်ပြသခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်ခင်မြတ်မြတ်ဦးက CERP အစီအစဉ်ဖြင့် စိုက်ပျိုးထားသော မိုးစပါးမျိုးစေ့ထုတ် စိုက်ဧက(၁၁၀၅) ဧကစိုက်ပျိုးထားရှိရာ မိုးစပါးမျိုးစေ့ အမျိုးအစားများအနေဖြင့် ဆင်းသုခ (၈၈၄) ၊ မနောသုခ (၂၂၁) မျိုးစေ့ထုတ်စိုက်ခင်းများအကြောင်းကို ရှင်းလင်းဆွေးနွေးပြီး၊ မြို့နယ် စိုက်ပျိုးရေး ဦးစီးမှူးနှင့် ၀န်ထမ်းများ၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ၀န်ထမ်းများမှ လက်တွေ့ ကွင်းသရုပ်ပြပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆင်းသုခမိုးစပါးမျိုးစေ့ထုတ်စိုက်ကွက်ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြပွဲ ကျင်းပခဲ့သည့် စိုက်ခင်းပိုင်ရှင် ဦးသိန်းမြင့်က "ယခုလို CERP အစီအစဉ်ဖြင့် စိုက်ပျိုးထားသော ဆင်းသုခမိုးစပါး မျိုးစေ့ထုတ်စိုက်ကွက်(၃)ဧက၌ (၆၆'×၆၆') စံကွက်ရိတ်သိမ်းရာ အစိုထွက်(၁၄.၇၅)ဘူး၊ (၁)ဧကပျှမ်းမျှ အထွက်နှုန်း(၁၁၅.၂၃)တင် ထွက်ရှိတဲ့ အတွက် ၀မ်းသာ မိပါတယ်" ဟု ပြေပြခဲ့သည်။
အဆိုပါ စံကွက်ရိတ်သိမ်းခြင်းကို ချောင်းဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် အမြင့် စိုက်ပျိုးနည်းပညာ ပြန့်ပွားရေးစင်တာ တာဝန်ခံစိုက်ပညာရှင်ဝန်ထမ်းများ ၊လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်း အင်း ဦးစီးဌာနမှ တာဝန် ရှိသူများ၊ အမြင့်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစောသိန်းသန်းချစ်နှင့် ဒေသခံ တောင် သူများ ပူးပေါင်း၍ စံကွက်ရိတ်သိမ်း ကွင်းသရုပ်ပြသခဲ့ကြောင်းသိရသည်။
အိအိအောင်(ချောင်းဦး)