တောင်တွင်းကြီး နိုဝင်ဘာ ၂၀
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ရွှေအိုး(၁) ရပ်ကွက်မှ အသက်(၂၇)နှစ်အရွယ် အမျိုးသမီး (၁) ဦးတွင် ကိုဗစ်-၁၉ ရောဂါ (Positive) တွေ့ရှိကြောင်း မြို့နယ် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
အဆိုပါ အတည်ပြုလူနာအမျိုးသမီးသည် ကလေးမီးဖွားပြီး မိခင်ဖြစ်ပြီး အနံ့ပျောက်နေ၍ ယမန်နေ့ ညနေ(၃) နာရီခွဲအချိန်က RTD Test ဖြင့် စစ်ဆေးရာ ကိုဗစ်-၁၉ (Positive) တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်းနှင့် ၎င်းနှင့်ဆက်စပ်သူများနှင့် ဆေးရုံ၀န်ထမ်းများအား စစ်ဆေးရာ ရောဂါပိုး မတွေ့ရှိရကြောင်း သိရသည်။
အဆိုပါလူနာအား ကျန်းမာရေးစောင့်ရှောက်မှု ခံယူရန်အတွက် တောင်တွင်းကြီးမြို့ပြည်သူ့ ဆေးရုံ သီးခြားလူနာ ကုသဆောင် Isolation Ward တွင် ဓာတ်ခွဲအတည်ပြုလူနာအဖြစ် ယမန်နေ့ညနေ (၅)နာရီတွင် ဆေးကုသမှုခံယူနေပြီဖြစ်ကြောင်း သိရသည်။
တောင်တွင်းကြီးမြို့နယ်တွင် ယနေ့ညနေ အထိ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာစုစုပေါင်း (၁၀၀) ဦး ရှိပြီဖြစ်ပြီး ဆေးရုံမှဆင်းခွင့်ရသူ(၈၆)ဦးရှိကာ လက်ရှိအချိန်တွင်အတည်ပြု လူနာ(၁၄) ဦး ဖြစ်ပြီး လူနာအားလုံး ကျန်းမာရေးအခြေအနေကောင်းမွန်ကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)