ကျောက်တံခါးမြို့နယ်တွင်  ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်စေရေး ပြည်သူများအား နှာခေါင်းစည်း (mask)များ အခမဲ့ဖြန့်ဝေ

ကျောက်တံခါး     နိုဝင်ဘာ  ၂၀


ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်စေရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး ကော်မတီသည် တောကျွဲအင်း(ခ) အောင်မြင်မြို့ အတွင်းရှိ စျေး၊ အောင်ဇေယျရပ်ကွက်၊ ဘူတာလမ်းဆုံ၊ ဆေးရုံနှင့်မြို့တွင်းလမ်းဆုံတို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် ပြည်သူများအား နှာခေါင်း စည်းများ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးခြင်းကိုယမန်နေ့ကဆောင်ရွက်ခဲ့ကြသည်။
အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာန၊ ပဲနွယ်ကုန်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှဝန်ထမ်းများနှင့်ရပ်/ကျေးစာရေးများ၊ တောကျွဲအင်း(ခ) အောင်မြင်မြို့ ကိုဗစ်-၁၉ကာကွယ် ထိန်းချုပ်ရေးကော်မတီအဖွဲ့ဝင်များက တောကျွဲအင်း(ခ) အောင်မြင်ဒေသ အတွင်းရှိပြည်သူများ ကိုဗစ်-၁၉ရောဂါကူးစက်မှုမရှိစေရေးအတွက်ကိုဗစ်-၁၉ရောဂါ လက္ခဏာများ၊ လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ ရှောင်ကြဉ်ရမည့် အချက်များ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက် များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန်နှင့် နေအိမ်အပြင်အထွက်ပါက မဖြစ်မနေ နှာခေါင်းစည်းများ တပ်ဆင် သွားလာကြရန်တို့ကို အသိပညာပေး နှိုးဆော်ပြီး နှာခေါင်းစည်း (၁၀၀၀)ခုအား အခမဲ့ဖြန့်ဝေခဲ့ကြသည်။
စန်းစန်း(ပြန်/ဆက်)