အာမခံအလုပ်သမားများအား လူမှုဖူလုံရေးထောက်ပံ့ကူညီမှုအကျိုးခံစားခွင့် ၄၀% ပေးအပ်

ရန်ကုန် နိုဝင်ဘာ ၂၀

ကိုဗစ်-၁၉​ရောဂါကူးစက်ပျံ့နှံ့မှုကို ပိုမိုထိရောက်စွာကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် Stay At  Home အစီအစဉ်တွင် အကျုံးဝင်သောရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အလုံမြို့နယ် ကြည့်မြင်တိုင်မြို့နယ် ၊ စမ်းချောင်းမြို့နယ်၊ လမ်းမတော် မြို့နယ် တို့ရှိ အလုပ်ဌာနများမှ အာမခံအလုပ်သမားများအတွက် လူမှု ဖူလုံရေး ထောက်ပံ့ကူညီမှုအကျိုးခံစားခွင့် ၄၀% ကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ၊အလုံမြို့နယ်ရှိမြို့နယ်လူမှုဖူလုံရေးရုံးခွဲ(၈)၌  ထုတ်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ထုတ်​ပေးရာတွင်လူမှုဖူလုံရေးထောက်ပံ့ကူညီမှုအကျိုးခံစားခွင့် ၄၀%ကို ရန်ကုန်တိုင်းဒေသကြီး တိုင်းတာဝန်ခံ အရာရှိဦးထွန်းကြိုင်က မြို့နယ်လူမှုဖူလုံရေးရုံးခွဲ( ၈ )တွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် ပုဂ္ဂလိကစက်ရုံ၊ အလုပ်ရုံ ၊ အလုပ်ဌာနများအနက် အလုပ်ဌာန (၃၃) ဌာနတို့မှ အာမခံအလုပ်သမား( ၂၀၃၆ )ဦးအတွက် ငွေကျပ် ( ၁၅၂၆၃၂၉၀၂.၁၅ )ကို ချက်လက်မှတ်ဖြင့် သက်ဆိုင်ရာအလုပ်ဌာန ကိုယ်စားလှယ်များအားထုတ်ပေးခဲ့သည်။

အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ စက်တင်ဘာ (၂၄) ရက် အမိန့်ကြော်ငြာစာအမှတ်၊ ၁၉၆ /၂၀၂၀အရ လူမှုဖူလုံရေးထောက်ပံ့ကူညီမှု အကျိုးခံစားခွင့် ၄၀% ကို ခွင့်ပြုထုတ်ပေးလျက်ရှိရာတွင် ကိုဗစ်-၁၉ရောဂါ ပြန်လည်ဖြစ်ပွားမှုတွင် ရန်ကုန်တိုင်းဒေသကြီး မြို့နယ်လူမှုဖူလုံရေးရုံးခွဲ(၈)၌ အကျုံးဝင်မှတ်ပုံတင်ထားသည့် ပုဂ္ဂလိကပိုင် စက်ရုံ၊ အလုပ်ရုံ ၊ အလုပ်ဌာနပေါင်း( ၃၃၆ )ဌာန အလုပ်သမား( ၁၂၁၇၈ )ဦး ငွေကျပ် (၉၆၄.၃၅၅)သန်း ကိုခွင့်ပြုထုတ်ပေးခဲ့ပြီးဖြစ်ကြောင်းနှင့် ခွင့်ပြုရန်ကျန်ရှိသည့်အလုပ်ဌာနများကိုလည်း ဆက်လက်ခွင့်ပြု ထုတ်ပေးသွားမည်ဖြစ်ကြောင်းသိရှိရသည်။

တင်တင်ချို(အလုံ)