မျိုးစေ့ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လေလုံ မျိုးစေ့သိုလှောင်အိတ်များနှင့် တာပေါ်လင်စ များကို တောင်သူများအား ထောက်ပံ့ပေးအပ်

ရွှေဘို  နိုဝင်ဘာ ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်အတွင်းရှိ ရွှေဘို၊ ခင်ဦး၊ ဝက်လက်မြို့နယ်များတွင် မျိုးစေ့ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လေလုံမျိုးစေ့ သိုလှောင်အိတ်များနှင့် တာပေါ်လင်စ များ ထောက်ပံ့ ပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန တောင်သူစုဝေး ခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းလှိုင်ဦးမှ မိမိတို့ နိုင်ငံ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရန်အတွက် အဓိကအခြေခံကျသည်မှာ  တောင်သူ လယ်သမားများပင် ဖြစ်ပါကြောင်းနှင့် အဓိကကျသည့် တောင်သူလယ်သမားများ၏ ဓိတ်ဓါတ်များ၊ ခွန်အားများ သန်မာဖို့ရန်အတွက် ယခုလိုဘက်ပေါင်းစုံကနေ ထောက်ပံ့ ပေးနေရခြင်းဖြစ်ကြောင်း၊ ထို့အပြင် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်အတွက်လည်း မိမိတို့ဦးစီးဌာနအနေဖြင့် ခေတ်မီ လယ်စနစ်သို့ ကူးပြောင်းနိုင်ရေးကိုလည်း ကြိုးပမ်း ဆောင်ရွက်နေကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် ရွှေဘိုမြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးသောင်းဟိန်းက ရွှေဘိုမြို့နယ်မျိုးစေ့ထုတ် တောင်သူ ကိုယ်စားလှယ်တစ်ဦးအား လည်းကောင်း၊ ရွှေဘိုခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီး မှူး ဦးတင်မောင်ဆွေက ဝက်လက်မြို့နယ် မျိုးစေ့ထုတ် တောင်သူကိုယ်စားလှယ်တစ်ဦးအား လည်းကောင်း၊ ရွှေဘိုမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဇာဇာမင်း က ခင်ဦးမြို့နယ် မျိုးစေ့ထုတ် တောင်သူကိုယ်စားလှယ် တစ်ဦးအားလည်းကောင်း လေလုံမျိုးစေ့ သိုလှောင်အိတ်များနှင့် တာပေါ်လင်စ များကို အသီးသီးပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ ရွှေဘိုမြို့နယ်၊ ဝက်လက်မြို့နယ်နှင့် ခင်ဦးမြို့နယ်တို့မှ တောင်သူ လယ်သမား ကိုယ်စားလှယ်များက တောင်သူများ၏ကိုယ်စား ကျေးဇူးတင်စကား အသီးသီး ပြောကြားခဲ့ သည်။ ယနေ့ထောက်ပံ့ပေးတဲ့ လေလုံမျိုးစေ့သိုလှောင်အိတ်များကို အသုံးပြုခြင်းအားဖြင့် သိုလှောင်တဲ့ နေရာမှာ လေလုံပိတ်ဖြစ်တဲ့အတွက် မျိုးစေ့အရည်အသွေးများ မပျက်ဆီးဘဲ ကြာရှည်သိုလောင်နိုင်ပြီး စိုက်ပျိုးတဲ့ အခါမှာလည်း အပင်ပေါက်နှုန်း ကောင်းမွန်ကြောင်း ရွှေဘိုမြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်ဇာဇာမင်း ထံမှ သိရသည်။

ထွန်းမြင့်အောင်(ရွှေဘို)