ကမာရွတ် နိုဝင်ဘာ ၂၀
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်အတွင်းရှိ လူသွားလာမှု များပြားသည့် လှည်းတန်း စျေးနှင့်စျေးရုံအတွင်း၊ ဦးထွန်းလင်းခြံလမ်း၊ ပေ၅၀လမ်း၊ လှည်းတန်းစင်တာရှေ့နှင့် ထန်းတပင် လမ်းတို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးကျန်းမာရေး အသိပညာမြှင့်တင်ရေးနှင့် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေးလှုပ်ရှားမှုအဖြစ် ယနေ့ နံနက် ၈ နာရီအချိန်မှစ၍ Mask Campaign ကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဈေးဝယ်သူများနှင့် ဈေးသည်များ၊ သွားလာဖြတ်သန်းသူများအား နှာခေါင်းစည်း(Mask)များ၊ ကျန်းမာရေးအသိပညာပေး လက်ကမ်းစာစောင်များ၊ ကျန်းမာရေးဦးစီး ဌာန၏ ညွှန်ကြားချက်များ၊ သိရှိလိုက်နာဆောင်ရွက်ရမည့် အချက်များအား အသိပညာပေး ပြောကြားသည်။
အဆိုပါဆောင်ရွက်မှုတွင် မြို့နယ်အဆင့်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ကော်မတီဝင်များ၊၊ မြို့နယ်ရဲတပ်ဖွဲ့တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာ ရေးဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနဝန်ထမ်းများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်းပါဝင်လျက် Mask (၁၅၀၀)ခု၊ Face Shield (၁၀၀၀)ခုနှင့် အသိပညာပေးလက်ကမ်းစာစောင် (၂၅၀)တို့ကို ဖြန့်ဝေခြင်းနှင့် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးအတွက် ဆောင်ရန်/ရှောင်ရန်များကို အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စိမ်းလဲ့(ပြန်/ဆက်)