သထုံမြို့နယ်တွင်း ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာစုစုပေါင်း (၁၈၄) ဦးအထိရှိလာ

သထုံ  နိုဝင်ဘာ ၂၀

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ စတင်တွေ့ရှိသည့် နေ့မှစ၍ ယနေ့(နိုဝင်ဘာလ ၂၀ ရက်) နံနက် ၁၁ နာရီခွဲ အချိန်အထိ ပိုးတွေ့အတည်ပြုလူနာ စုစုပေါင်း ၁၈၄ ဦးအထိရှိလာပြီဖြစ်ကြောင်း  မြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

"ဒီမနက်မှာ (၁၀) ဦး ထပ်တွေ့တယ်၊ စျေးက အနံ့မရသူကတဆင့် ဆက်နွယ်ပြီးတော့ ထိတွေ့ လူနာတွေဆီက ပိုးတွေ့တယ်၊ ဒါအပြင်ဘယ်လိုထိတွေ့ထားမှန်း မသိဘဲ အနံ့မရဖြစ်ပြီး စစ်ဆေးရာက ပိုးတွေ့တာတွေရှိတယ်၊ နောက်ပြီးပိုးတွေ့သူနဲ့ ထိတွေ့သူ တွေကို စစ်ဆေးရာ ကလည်းတွေ့တယ်။ တစ်ချို့ဆို မိသားစုအလိုက် ခြံဝင်းတစ်ဝင်းထဲ အိမ်‌တွေစုနေရာက လူ ၃၀ လောက် ကူးစက်တာတွေရှိတယ်။ ဒီနှစ်ပတ်အတွင်းမှာ ကူးစက်မှုများလာတာကိုတွေ့ရတယ်။ သူတို့နဲ့ နီးစပ်ရာတွေကို ဖော်ထုတ်တယ် ကွာရန်တင်းပို့ပြီး သတ်မှတ်ချက်အတိုင်းပေါ့ Test Kit နဲ့စစ်တယ်။ အဲ့ဒီလို အမြန်စစ်တာကြောင့်လည်း ပိုးတွေ့တာကို ချက်ခြင်းဖော်ထုတ်နိုင်တာပေါ့။ နှစ်ပတ်မှာ လူ (၁၀၀) ကျော်လောက် ကူးစက်ခံရပြီး အဓိက က‌တော့ မြို့ပေါ်ရပ်ကွက်တွေမှာ အတွေ့များတယ်။"

ဟု သထုံမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသန်းဦးက ပြောသည်။

ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့အတည်ပြုလူနာတွေ့ရှိမှု ပမာဏ များလာသောကြောင့် ပြည်သူတွေ အနေဖြင့် တစ်ဦးချင်းစီအလိုက် မိမိကိုယ်ကိုကာကွယ်ရန်အရေးကြီးပြီး အိမ်အပြင်မထွက်ကြ ဖို့နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားမှုများကို စဉ်ဆက်မပြတ်စောင့်ကြည့်ကာ တိကျစွာလိုက်နာရန်လိုအပ်ကြောင်း ဒေါက်တာသန်းဦးက ဆက်လက်ပြောကြားသည်။

ပိုးတွေ့လူနာများကို မော်လမြိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသထားပြီး အများစုမှာ ကျန်းမာရေးကောင်းမွန်ကာ နိုဝင်ဘာလ ၁၉ ရက်နေ့အထိ ဆေးရုံမှပြန်လည်ဆင်းခွင့် ရရှိသူ ၄၃ ဦးရှိပြီဖြစ်ကြောင်း သိရသည်။

သထုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ အတည်ပြုလူနာ များလာသည်နှင့် အတူ ၎င်းတို့နှင့်ထိတွေ့သည့် ရောဂါသံသယ ရှိသူလည်း များလာရာ ယခင်က CBFQ စခန်း (၂)ခုသာ ဖွင့်လှစ်ထားသော်လည်း (၂)ခုကို ထပ်တိုးဖွင့်လှစ်ကာ စုစုပေါင်း CBFQ စခန်း(၄)ခု၌ လက်ရှိအချိန်အထိ လူဦးရေ (၅၀၀) ဝန်းကျင်ခန့် ထားရှိကာ အသွားအလာကန့်သတ် စောင့်ကြည့်ထား‌ပြီး မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံပြန်ရေးကော်မတီအနေဖြင့်လည်း ပြည်သူများ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ သွားလာလှုပ်ရှားနိုင်ရေး အသိပညာပေးမှုများကို စဉ်ဆက်မပြတ် ဆောင်ရွက် နေကြောင်းသိရသည်။

သက်ဦး(သထုံ)