ဒလမြို့နယ်၌ ကိုဗစ်-၁၉ ထိန်းချုပ်ရေး စည်ပင်သာယာဈေးကြီး(၃)ဈေးတွင် နှာခေါင်းစည်းတပ်ဆင်ရေး အသိပညာပေးလှုပ်ရှားမှုဆောင်ရွက်

ရန်ကုန် နိုဝင်ဘာ ၂၀

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်တွင်  လတ်တလောအသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့ ခြင်းမှ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန် ချက်များကို ပြည်သူများ စနစ်တကျလိုက်နာစေရေးအတွက် ရည်ရွယ်၍ ယနေ့ နံနက်က ဒေသခံပြည်သူများ၊ ဈေးရောင်း၊ ဈေးဝယ်သူများဖြင့် စည်းကားများပြားသော စည်ပင်သာယာဈေးကြီး (၃)ဈေး ဖြစ်သည့် ကမာကဆစ် ဈေး၊ အောင်ဇေယျဈေးနှင့် ဒလမြို့မဈေး တို့တွင် နှာခေါင်းစည်းများ တပ်ဆင်ရေး အသိပညာပေးလှုပ်ရှား၍ လက်ကမ်း စာစောင်များ၊ နှာခေါင်းစည်းများနှင့် မျက်နှာကာဗာများ ပေးဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီ ၏ လမ်းညွှန်ချက်များနှင့်အညီ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊  မြို့နယ် စည်ပင်သာယာရေး ကော်မတီ၊ ဈေးများဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ် မီးသတ်တပ်ဖွဲ့နှင့် မြို့နယ် ကြက်ခြေနီတပ်ဖွဲ့တို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ် နိုင်ရေးအတွက် မဖြစ်မနေ နေအိမ်ပြင်ပသို့ သွားလာရာတွင် နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်ကြရန်၊ လက်ရှိအချိန်ထိ ဒလမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူများ ဆက်လက် ဖြစ်ပေါ်နေသည့်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို ပြည်သူများ လိုက်နာနိုင်စေရန် ဈေးများအတွင်းရှိ ဈေးသူ၊ ဈေးသားများနှင့် ဈေးဝယ်သူများအား အသိပညာ ပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ ကြောင်း၊ ဒလမြို့လယ်ကောင် နာရီစင်မှာ နေ့စဉ် နံနက်ပိုင်းနှင့် ညနေပိုင်းအချိန်တွေမှာ နှာခေါင်းစည်းတပ်ဆင် ခြင်းမရှိဘဲ သွားလာနေသူများကို ဒဏ်ရိုက်အရေး ယူခြင်း ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးကျော်အောင်က ပြောကြားခဲ့သည်။

ဒလမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာများ ဆက်လက်တွေ့ရှိလျက်ရှိသလို၊ ရောဂါပိုး ကူးစက်ပျံ့နှံ့မှုမှ ကြိုတင်ကာကွယ်နိုင်ရေးနှင့် ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်အတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ လမ်းညွှန်ချက်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် နေအိမ်ပြင်ပ မဖြစ်မနေ သွားလာသူများအား နှာခေါင်းစည်းများ တပ်ဆင်စေရေး၊ နှာခေါင်းစည်း တပ်ဆင်ခြင်းမရှိဘဲ ပြင်ပသို့ သွားလာမှု များပြားလာခြင်းကြောင့် အသိပညာပေးခြင်းနှင့်အတူ ဒဏ်ရိုက်အရေးယူခြင်းတို့ကို နေ့စဉ်အရှိန် အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ဒေသခံမိဘ ပြည်သူများ အနေဖြင့် စည်းကမ်းများကို စနစ်တကျလိုက်နာရန် လိုအပ်ကြောင်း သိရသည်။

နိုင်လင်းကျော်(ဒလ)