အသွားအလာကန့်သတ်ထားရှိသည့် ရဲတပ်ဖွဲ့ဝင်အိမ်ထောင်စုများနှင့် လုံခြုံရေးတာဝန်ထမ်းဆောင် လျက်ရှိသည့် ရဲတပ်ဖွဲ့ဝင်များအား စားသောက်ကုန်များထောက်ပံ့

အုတ်ဖို နိုဝင်ဘာ ၂၀

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် အေးမြသာယာအုပ်စု နယ်မြေရဲစခန်းဝန်း အတွင်း၌ အသွားအလာကန့်သတ်ထားရှိသည့် ရဲတပ်ဖွဲ့ဝင်အိမ်ထောင်စုများနှင့် လုံခြုံရေးတာဝန်ထမ်း ဆောင်လျက်ရှိသည့် ရဲတပ်ဖွဲ့ဝင်များအား ယနေ့ နံနက် ၈ နာရီခွဲအချိန်က စားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အေးမြသာယာနယ်မြေရဲစခန်းတွင် ပိုးတွေ့အတည်ပြုလူနာ ရဲတပ်သားတစ်ဦးနှင့် ထိတွေ့ခဲ့သည့် ကင်းအဖွဲ့(၆)ဦးအား Home Quarantine ထားရှိပြီး စခန်းဝန်းအတွင်းမှ အရာရှိ(၄)ဦး၊ တပ်ဖွဲ့ဝင်(၂၇)ဦး၊ မိသားစုဝင်(၃၂)ဦး၊ အချုပ်တရားခံ (၃)ဦး၊ ကလေးသူငယ်(၁)ဦး စုစုပေါင်း(၆၇)ဦး အသွားအလာကန့်သတ် ထားရှိရာ အဆိုပါကန့်သတ်ထားရှိသူ(၆၇)ဦးအား သာယာဝတီခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးမှ (၁)သိန်း ကျပ်ထောက်ပံ့ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးထွန်းလွင် ဦးဆောင်သော တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ မိသားစု စည်းရုံးရေးနှင့်စည်းကမ်း ထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌ ဒေါ်အေးအေးတင်နှင့် အဖွဲ့ဝင်များက ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ၊ ကြက်ဥ၊ ဟင်းသီး ဟင်းရွက်မျိုးစုံနှင့် ငါးခြောက် စုစုပေါင်းတန်ဖိုးငွေ (၂၅၈၅၀၀) ကျပ်ကို ထောက်ပံ့ပေးအပ် ခဲ့သည်။

အလားတူ အေးမြသာယာနယ်မြေရဲစခန်းရှေ့ ဓမ္မာရုံတွင် အုပ်ချုပ်မှုတာဝန်နှင့် နယ်မြေစိုးမိုးရေး၊ နယ်မြေ လုံခြုံရေး တာဝန်ထမ်းဆောင်လျက်ရှိသော မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရုံးဦးစီး ရဲအုပ်သန့်ဇင်စိုး ဦးစီးသော အရာရှိ(၃)ဦးနှင့် တပ်ဖွဲ့ဝင်(၁၃)ဦးအတွက် ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ စုစုပေါင်းတန်ဖိုးငွေ (၄၂၀၅၀)ကျပ် တို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်သူ(အုတ်ဖို)