ရန်ကုန်တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေးအတွက် ဆေးရုံများ အဆင့်မြှင်တင်ရန် အလှူငွေများလှူဒါန်း

ရန်ကုန် နိုဝင်ဘာ ၂၀

ရန်ကုန်တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေးအတွက် ဆေးရုံများ အဆင့်မြှင်တင်ရန် တရုတ်ကုန်သည်ကြီးများအသင်းချုပ်မှ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ထံ အလှူငွေများ လှူဒါန်းသည့်အခမ်းအနားကို လမ်းမတော်မြို့နယ်၊ ဆေးတက္ကသိုလ် (၁) တွင် ယနေ့ နံနက်ပိုင်းက ကျင်းပသည်။
ရှေးဦးစွာ တရုတ်ကုန်သည်ကြီးများအသင်းဥက္ကဋ္ဌ ဦးအိုက်ထွန်းက အလှူငွေများ လှူဒါန်းရ ခြင်း အကြောင်းအရင်းကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းမှ ကျေးဇူးတင်စကားပြောကြားသည်။
ထို့နောက် တရုတ်ကုန်သည်ကြီးများအသင်းချုပ်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက တိုင်းဒေသကြီး အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေးအတွက် ခရိုင်/မြို့နယ်ဆေးရုံများ အဆင့် မြှင့်တင်ရန် ကျပ်သိန်းနှစ်ထောင်ကို ပေးအပ်လှူဒါန်းရာ ဝန်ကြီးချုပ်မှ လက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
အလားတူ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသို့ ကျပ်သိန်းငါးထောင်ကိုပါ ဆက်လက်လှူဒါန်းရာ ဝန်ကြီးချုပ်မှ လက်ခံရယူပေးခဲ့ပြီး ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီအတွင်းရေးမှူး (၂)ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးမှ Video Conferencing ဖြင့် တက်ရောက်ပြီး ကျေးဇူးတင်စကားပြောကြားသည်။
ဆန်းကျော်ဦး (ပြန် /ဆက်)