ပုလဲမြို့နယ်တွင် ADSP စီမံချက်အရ စိုက်ပျိုးထားရှိသော မိုးစပါးမျိုးစေ့ထုတ်စိုက်ကွက် စံကွက်ရိတ်ခြင်းနှင့်စပါးဖြုတ်ပိုးကာကွယ်ရေးဆွေးနွေးပွဲကျင်းပ

ပုလဲ နိုဝင်ဘာ ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ မင်းမအရှေ့ကျေးရွာ၊  တောင်သူဦးမင်းလင်း၏ ကွင်းအမှတ် ၈၉၄-က၊ ဦးပိုင်အမှတ်၁၂တွင် ADSP စီမံချက်အရ   စိုက်ပျိုးထားရှိသော မိုးစပါးမျိုးစေ့ထုတ် ၅ ဧက၌ စံကွက်ရိတ်သိမ်းခြင်းနှင့်စပါးဖြုတ်ပိုး ကာကွယ်ရေး ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပုလဲမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ  ဦးဇော်ဝင်းစိုးက “တောင်သူများ အနေနဲ့ တစ်ဧကအထွက်နှုန်းသိရှိနိုင်စေရေးကို  ရည်ရွယ်ပြီး  မိုးစပါးမျိုးစေ့ထုတ်  စံကွက်ရိတ်သိမ်းခြင်းကို  ဆောင်ရွက်ခဲ့ပါတယ်။ မိုးစပါးမျိုးစေ့ထုတ်   စံကွက်ရိတ်သိမ်းပွဲသို့   တက်ရောက်လေ့လာတဲ့ တောင်သူများအား ခရိုင်စိုက်ပျိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြတ်မိုးဝင်းနှင့်  တာဝန်ရှိသူများက စပါးဖြုတ်ပိုးကျရောက်မှုမှ  ကြိုတင်ကာကွယ်နိုင်ရေးအတွက် စပါးခင်းအတွင်း ကြိုတင်ကင်းထောက် မှတ်တမ်း ရယူရန်၊  ပေါင်းမြက်များ မပြတ်ရှင်းလင်းရန်၊ စပါးခင်းများ အတွက် အကျိုးပြုသည့် မိတ်ဆွေပိုးများ    သေဆုံးပျက်စီးမှု  မရှိစေရေးအတွက်လိုအပ်ချက် မရှိပါက ပိုးသတ်ဆေး  မသုံးစွဲရေးနှင့်  မိမိတို့စပါးခင်းအတွင်း  ဖြုတ်ပိုးကျရောက်မှုရှိပါက ခရိုင်/မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့်နီးစပ်ရာ တောင်သူနည်းပညာပြန့်ပွားရေးစင်တာများသို့ အချိန်နှင့်တစ်ပြေးညီသတင်းပေးပို့ရန်တို့ကို ဆွေးနွေးခဲ့ပြီး စပါးဖြုတ်ပိုးကာကွယ်ရေး  အသိပညာပေး လက်ကမ်းစာစောင်များကို တောင်သူများထံသို့ ဖြန့်ဝေပေးခဲ့ပါတယ်” ဟု ပြောကြားခဲ့သည်။

အဆိုပါ တောင်သူဦးမင်းလင်း၏ ADSP စီမံချက်အရ   စိုက်ပျိုးထားရှိသော မိုးစပါးမျိုးစေ့ထုတ် စိုက်ကွက် ၅ ဧကကို  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက စံကွက်ရိတ်သိမ်းရာ တစ်ဧကလျှင် စပါးအစို ၈၆ တင်းထွက်ရှိခဲ့ကြောင်း သိရသည်။

မြင့်သိန်းစိုး(ပြန်/ဆက်)