ပေါင် နိုဝင်ဘာ ၂၁
မွန်ပြည်နယ်တွင် ညမထွက်ရအမိန့်ထုတ်ပြန်ထားသည့် မြို့နယ်နှစ်ခုမှ အမိန့်မလိုက်နာတဲ့သူ (၉၅)ဦးကို သက်ဆိုင်ရာမြို့နယ်များ၌ အရေးယူမှုများ ပြုလုပ်ထားကြောင်း သိရသည်။
လက်ရှိဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါကူးစက်မှုမရှိစေရေးနှင့် အချိန်မီ ကာကွယ်ထိန်းသိမ်းနိုင်ရန်အတွက် မော်လမြိုင်မြို့နယ်အပါအဝင် မြို့နယ်တချို့ကို ညမထွက်ရ အမိန့်စတင်ထုတ်ပြန်ခဲ့သည့် စက်တင်ဘာလ ၂၅ ရက်နေ့ ကစပြီး (၂)လအထိ အတည်ဖြစ်တယ်လို့ မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ထုတ်ပြန်ထားခြင်း ဖြစ်သည်။
အဆိုပါအမိန့်ထုတ်ပြန်ခဲ့သည့်နေ့မှစကာ ယနေ့အထိ ညမထွက်ရအမိန့်လိုက်နာမှုမရှိသော မော်လမြိုင် မြို့နယ်မှ (၉၃)ဦးနှင့် ဘီးလင်းမြို့နယ်မှ ၂ ဦးတို့ကို သက်ဆိုင်ရာတည်ဆဲဥပဒေများနှင့် အရေးယူခဲ့ကြောင်း သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးများမှ အတည်ပြုပြောကြားခဲ့သည်။
“ညမထွက်ရအမိန့်က ည ၁၂ နာရီကနေ မနက် ၄ နာရီအထိဆိုတော့ တော်တော်ကို ဒီကာလက ထွက်ဖို့ မလိုတဲ့ အခြေအနေပါ။ မထွက်သင့်တဲ့ အခြေအနေလည်း ဖြစ်ပါတယ်။ အရေးပေါ်မဖြစ်မနေသွားလာရရင်တော့ အဆင့်ဆင့်ကို သတင်းပို့ပြီးတော့ သွားလာလို့ရပါတယ်။ လက်ရှိအချိန်ထိတော့ (၉၃)ယောက်ကို အရေးယူပြီးတော့ ကျွန်တော်တို့ သက်ဆိုင်ရာပြစ်မှု ဥပဒေပုဒ်မအရ တားမြစ်အမိန့်မလိုက်နာမှုနဲ့ အလုပ်မဲ့ ထောင်ဒဏ်တစ်လနဲ့ အရေးယူ အမိန့်ချထားတယ်။ ကလေးသူငယ်တွေလည်းပါတဲ့ အခါကျတော့ သူ့ရဲ့ကြီးကြပ်သူတွေ စောင့်ရှောက်ဖို့ ကလေးသူငယ်တရားရုံးကနေ တစ်ယောက်အမိန့်ချမှတ်ထားပါတယ်။ အမျိုးသားတွေပဲ များပါတယ်၊ အမျိုးသမီးက တစ်ယောက်ပါပဲ။” ဟု မော်လမြိုင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝေလင်းထွန်းက ပြောသည်။
ယခုလို ညမထွက်ရအမိန့်ထုတ်ပြန်ထားတဲ့မြို့နယ်များကို အမိန့်လိုက်နာမှု ရှိ၊ မရှိ စစ်ဆေးသည့် အခါတွင် ခိုးဆိုးလုနှိုက်အဖွဲ့များကိုလည်း ထိန်းချုပ်နိုင်ခဲ့တယ်လို့ ၎င်းက ဆက်လက်ပြောပါတယ်။
အဲဒီအပြင် မွန်ပြည်နယ်အတွင်းရှိ ဈေးများ၊ လူစည်းကားရာနေရာများနှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်နိုင်ခြေ မြင့်မားစေနိုင်သည့်နေရာများတွင် နိုဝင်ဘာလ ၂၁ ရက်နေ့မှ စတင်ကာ (Mask & Face Shield Campaign)များကို ဆက်တိုက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
“အဲဒီတော့ တစ်ဖက်မှာလည်း ပြည်နယ်အစီအစဉ်နဲ့ ဒီလ ၂၁ ရက်နေ့ကစပြီးတော့ တစ်မြို့နယ်လုံးကျွတ် Mask ကမ်ပိန်းတွေ လုပ်ဖို့ စီစဉ်ထားပြီးဖြစ်ပါတယ်။ မနက်ပိုင်းတွေမှာ လူစုလူဝေးတွေ မလုပ်ကြဖို့၊ အဲဒီတော့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက် တွေကို လေးစားလိုက်နာခြင်းအားဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းမှာ ဆောင်ရွက်နေကြတဲ့သူတွေကို ကူညီရာလည်း ရောက်တယ်၊ မိမိကိုယ်ကိုလည်း ကာကွယ်ရာရောက်ပါတယ်။ မိမိပတ်ဝန်းကျင်ကို ကာကွယ်ရာလည်းရောက်တဲ့အတွက် ဒါတွေကို လိုက်နာ ပေးကြဖို့ တိုက်တွန်းချင်ပါတယ်” ဟု ဦးဝေလင်းထွန်းက ပြောသည်။
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ နိုဝင်ဘာလ ၂၀ ရက်ည ထုတ်ပြန်ချက်အထိ စာရင်းတွေအရဆိုရင် မွန်ပြည်နယ်မှာ ပိုးတွေ့လူနာဦးရေ(၁၀၀၀)နီးပါးအထိရှိလာပြီး အဲဒီထဲက သက်သာလာလို့ဆေးရုံက ဆင်းခွင့်ရရှိသူ (၇၀၀) ကျော်ရှိပြီး ဖြစ်သည်။
ကိုဟိန်း(ပေါင်)