မင်းဘူး(စကု)မြို့နယ်အတွင်းရှိ မြေပဲစိုက်တောင်သူများကို ရွှေတမာပိုးသတ်ဆေး ထောက်ပံ့

မင်းဘူး          နိုဝင်ဘာ        ၂၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်း GAP စနစ်ဖြင့် စိုက်ပျိုး ထားသော ဆောင်းမြေပဲသီးနှံစိုက်ခင်းများ၌ ရောဂါပိုးမွှားကျရောက်မှုအန္တရာယ်မှ ကာကွယ်နိုင်စေရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက မြေပဲစိုက်တောင်သူများကို ရွှေတမာ ပိုးသတ်ဆေးများ ထောက်ပံ့ပေးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးသိန်းနိုင်ဝင်းထံမှ သိရသည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် စိုက်ပျိုးရေးဦးစီးဌာနနှင့် SAFE CROPS တို့ ပူးပေါင်း၍ ယမန်နေ့ နံနက်ပိုင်းအချိန်က ဆောင်းမြေပဲသီးနှံကို GAP စနစ်ဖြင့် စိုက်ပျိုးထားသော ပိုက်သင် ကျေးရွာ တောင်သူပေါင်း   ၃၉ ဦးမှ ဧက ၁၀၀ ၊ မကျီးပင်ကျေးရွာ တောင်သူပေါင်း ၁၁ ဦးမှ ၁၆ ဧက နှင့် ကမ်းနီကျေးရွာ တောင်သူပေါင်း ၁၁ ဦးမှ ဧက ၅၀ ၊ စုစုပေါင်း ၁၆၆ ဧက အတွက် တစ်ဧကလှျင် ရွှေတမာပိုးသတ်ဆေး ၅၀၀ စီစီ တစ်ဘူးနှုန်းဖြင့် ထောက်ပံ့ပေးခဲ့ပြီး ပိုးမွှာရောဂါ ကျရောက်မှုအန္တရာယ် ကာကွယ်နှိမ်နင်းရေး နည်းလမ်းများနှင့် ပိုးသတ်ဆေးသုံးဆွဲပုံ နည်းစနစ်များကို မြို့နယ်စိုက်ပျိုးရေး ကွင်းဝန်ထမ်းများက ပညာပေးဆွေးနွေးခဲ့ကြသည်။

မင်းဘူး(စကု)မြို့နယ်အတွင်း ဆောင်းမြေပဲသီးနှံကို ဧကပေါင်း (၅၇၈၇) ဧက စိုက်ပျိုးထားပြီး GAP စနစ်ဖြင့် (၁၆၆) ဧက စိုက်ပျိုးဆောင်ရွက်ထားကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

မောင်မောင် (မင်းဘူး)