လသာ နိုဝင်ဘာ ၂၁
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လသာမြို့နယ်၊ ရန်ကုန်ပြည်သူ့ဆးရုံကြီးအရေးပေါ်ဝင်ပေါက်ဘေးမှ လူနာစောင့်များအား ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးနှင့် ကူးစက်ပြန့်ပွားမှုများ မဖြစ်ပေါ်စေရေးအတွက် ပါးစပ်၊ နှာခေါင်းစည်း(mask)များ အခမဲ့ဖြန့်ဝေပေးခြင်းနှင့် အခြားနေရာသို့ ပြောင်းရွှေ့ပေးနိုင်ရေး ဆွေးနွေးခြင်းလုပ်ငန်းများ ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် လသာမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်း၊ မြို့နယ်စည်ပင်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ကြီး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်ရဲတပ်ဖွဲ့များ၊ မြို့နယ်ဌာနဆိုင်ရာများနှင့် ရပ်မိရပ်ဖများက ရန်ကုန်ပြည့်သူဆေးရုံကြီး အရေးပေါ်ဝင်ပေါက်ဘေးမှ လူနာစောင့်များအား ပါးစပ်၊ နှာခေါင်းစည်း(mask)များ အခမဲ့ဖြန့်ပေးခြင်း၊ အခြားနေရာသို့ ပြောင်းရွှေ့ပေးနိုင်ရေး ဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ရာ အဆိုပါ လူနာစောင့်များမှ အခြားနေရာသို့ ပြောင်းရွှေ့ပေးခဲ့ပြီး ထပ်မံလာရောက်နေထိုင်ခြင်းမပြုစေရေးအတွက် Police Line တားခြင်း၊ တားမစ်ဗီနိုင်းဆိုင်းပုဒ်များကပ်ခြင်းများကို ဆေးရုံလုံခြုံရေးမှဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။
လသာမြို့နယ် ဌာနဆိုင်ရာများနှင့်မြို့နယ် ရဲတပ်ဖွဲ့မှ ညနေပိုင်းတွင် အဆိုပါနေရာများတွင် လူနာစောင့်များ ထပ်မံနေထိုင်ခြင်းရှိမရှိ ရှောင်တခင်ဝင်ရောက်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ ကြောင်း သိရှိရသည်။
မေသူ(ပြန်/ဆက်)