လှိုင်မြို့နယ်တွင် သား၊ ငါးနှင့် မီးဖိုချောင်သုံး စားသောက်ကုန်များအား Mobile Market စျေးရောင်းယာဉ်များဖြင့် လာရောက်ရောင်းချပေး

လှိုင်      နိုဝင်ဘာ      ၂၁

ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်တွင်ရန် ကုန်တိုင်းဒေသကြီးအစိုးရ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်တို့ကြီးမှူး၍ သန့်ရှင်းလတ်ဆတ်သော သား၊ ငါး၊ ဟင်းသီးဟင်းရွက် စားသောက်ကုန်များအား ပြည်သူများ အလွယ်တကူ ဝယ်ယူရရှိနိုင်ရန်အတွက် ယမန်နေ့နံနက်ပိုင်းကစ၍ အမှတ်(၉)ရပ်ကွက် လှိုင်သီရိအိမ်ရာတွင် ကားများဖြင့် လာရောက်ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထိုသို့ရောင်းချရာတွင် လှိုင်မြို့နယ် အတွင်းအမှတ်(၉)ရပ်ကွက်ရှိ လှိုင်သီရိအိမ်ရာနေ ပြည်သူများအား စျေးနှုန်းချိုသာစွာရောင်းချပေးခဲ့ပြီး နောက်ရက်များတွင်အမှတ် (၁၂)ရပ်ကွက်ရှိ မင်းဓမ္မပညာ့ရိပ်သာဝင်းအတွင်းသို့လည်း သွားရောက်လှည့်လည်ရောင်းချပေးသွားမည်ဖြစ်သည်။

အဆိုပါ Mobile Market အား မြို့နယ် စည်ပင်သာယာရေး ကော်မတီနှင့်သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ ကြီးကြပ်ဆောင်ရွက်ပေးခဲ့ပြီး မြို့နယ်အတွင်းရှိ လွှတ်တော်ကိုယ် စားလှယ်များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့များ မှကြည့်ရှုအားပေးခဲ့ကြကြောင်းသိရသည်။

ယခုကဲ့သို့ သား၊ ငါးနှင့်မီးဖိုချောင်သုံး စားသောက်ကုန်များကို ရပ်ကွက်များအရောက် Mobile Market စျေးရောင်းယာဉ်များဖြင့် လှည့်လည်ရောင်းချပေးမှုအား ရပ်ကွက်နှင့်အိမ်ရာများသို့ အလှည့်ကျ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကြည်ဇေသော်(ပြန်/ဆက်)