ပန်းဘဲတန်း နိုဝင်ဘာ ၂၁
ပန်းဘဲတန်းမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုစာရင်း ပိုမိုပြည့်စုံ မှန်ကန်ရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ပြည်သူများသိရှိစေရန် ရပ်ကွက်အတွင်း အသံချဲ့စက်များဖြင့် လှည့်လည်နှိုးဆော်အသိပေးကြေညာခဲ့ကြောင်း သိရှိရသည်။
ပန်းဘဲတန်းမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုစာရင်း ပိုမိုပြည့်စုံမှန်ကန်စွာ စာရင်းပြုစုနိုင်ရေးအတွက် ကိုဗစ်-၁၉ ကာလအတွင်း မိသားစု စားဝတ်နေရေး အခက်အခဲဖြစ်နေသော မိသားစုများမှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စု အမှန်တကယ်ဖြစ်ကြောင်း သတ်မှတ်ပုံစံ ထောက်ခံချက်များနှင့် အတူ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများ တွင် လာရောက်လျှောက်ထားရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများမှ အသံချဲ့စက်ဖြင့် ကြေညာ ပေးခြင်း၊ ရပ်ကွက်အတွင်း လှည့်လည် ကြေညာပေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
ပန်းဘဲတန်းမြို့နယ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိ၊ ရပ်ဖများက လျှောက်ထားလာသော အိမ်ထောင်စုများအား စစ်ဆေးလက်ခံပြီး မြို့နယ်စိစစ်ရေးအဖွဲ့မှ ထပ်မံစစ်ဆေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။
နေခြည် (ပြန်/ဆက်)