ပေါင်မြို့နယ်၌ လူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်းကျင်းပ

ပေါင် စက်တင်ဘာ ၅

မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က ပေါင်မြို့နယ် (အ.ထ.က) ထန်းပင်ချောင်ကြီးကျောင်း၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ လူငယ်စကားဝိုင်းတွင် (အ.ထ.က) ထန်းပင်ချောင်ကြီး‌‌ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဇင်မာဝင်းက အဖွင့်အမှာစကားပြောကြားပြီး ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်တင်ဇာစိုးက လူငယ်များ စာဖတ်ရှိန်မြှင့်တင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များပေါ်ထွက်လာစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူငယ်စကားဝိုင်းများ ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ထို့အပြင် ကျောင်းသားလူငယ်များ စာဖတ်စွမ်းရည်များ တိုးတက်လာပြီး အသင်းအဖွဲ့များတွင် ပါဝင်လုပ်ဆောင်ဆွေးနွေးတတ်သည့် အလေ့အကျင့်များ၊ ကိုယ်ရည်ကိုယ်သွေးများနှင့် နှုတ်မှုစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ယင်းနောက် လူငယ်စကားဝိုင်းကိုကျင်းပရာ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက အစီအစဉ်တင်ဆက်သူအဖြစ်ဆောင်ရွက်ပြီး (အ.ထ.က) ထန်းပင်ချောင်ကြီးကျောင်းမှ Grade - 9 ကျောင်းသား မောင်အောင်စွမ်းမင်းက လူငယ်နှင့်နည်းပညာခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade - 10 ကျောင်းသား မောင်သင်္ကြန်ဦးက လူငယ်နှင့်စာဖတ်ခြင်းခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade - 9 ကျောင်းသူ မအိသိင်္ဂီဖြိုးက လူငယ်နှင့်ပညာရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade - 10 ကျောင်းသူ မိအေးသီရိမွန်က ပလတ်စတစ်ညစ်ညမ်းမှုကြောင့် ဇီဝမျိုးစုံမျိုးကွဲနှင့် အဏ္ဏဝါဂေဟာစနစ်ထိခိုက်မှုဆိုင်ရာအချက်အလက်များခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade - 9 ကျောင်းသူ မသူဇာဦးက လူငယ်နှင့်ကျန်းမာရေးခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများက လူငယ်စကားဝိုင်းတွင် ဆွေးနွေးခဲ့သည့် အကြောင်းအရာများအပေါ်အခြေခံကာ မိမိတို့သိရှိလိုသည့် မေးခွန်းများကို မေးမြန်းရာ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက ပြန်လည်ဖြေကြားပေးခဲ့သည်။

ယနေ့ကျင်းပသော လူငယ်စကားဝိုင်းသို့ (အ.ထ.က) ထန်းပင်ချောင်ကြီးကျောင်းမှ ဆရာ/ဆရာမများ အပါအဝင် ကျောင်းသား၊ ကျောင်းသူ (၃၀၀) ဦးခန့် ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

မွန်မလေး ( ပြန်/ဆက်)