တောင်တွင်းကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

တောင်တွင်းကြီး စက်တင်ဘာ ၅

ကျောင်းသား၊ ကျောင်းသူလူငယ်များ လူကုန်ကူးမှုအန္တရာယ်အကြောင်း သိရှိနိုင်စေရန်ရည်ရွယ်၍ လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နေ့လယ်(၁)နာရီခွဲအချိန်က မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (community centre) တွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အေးမိုးမိုးမြင့်က လူကုန်ကူးရာတွင် အသုံးပြုသည့် နည်းလမ်းများနှင့် ဖြစ်စဉ်များ၊ လူကုန်ကူးပါက ကျခံရမည့် ပြစ်မှုပြစ်ဒဏ်များ၊ လူကုန်ကူးမှုဖြစ်ပွားရသည့် အကြောင်းအရင်းများကိုလည်းကောင်း၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေများအကြောင်း၊ တရားမဝင်သွားရောက်ခြင်း၏ ဆိုးကျိုးများ၊ တရားဝင်သွားရောက်ခြင်း၏ ကောင်းကျိုးများ၊ လူပွဲစားများ အသုံးပြုသည့် နည်းလမ်းများ၊  လူကုန်ကူးမှုအန္တရာယ်များကိုလည်းကောင်း ဟောပြောခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မြို့မအခြေခံပညာအလယ်တန်းကျောင်း Grade-9 မှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး အခမ်းအနားအပြီးတွင် ကျောင်းသား၊ ကျောင်းသူများက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

ရန်နောင်စိုး(ပြန်/ဆက်)