ရန်ကုန် နိုဝင်ဘာ ၂၁
၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ (၁) ရက်နေ့တွင် ကျရောက်မည့် ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀)ပြည့် အထိမ်းအမှတ်ကဗျာပြိုင်ပွဲအား ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက စီစဉ်ကျင်းပခဲ့သည်။
အဆိုပါကဗျာပြိုင်ပွဲကို ရန်ကုန်တက္ကသိုလ်ကြီး၏ သမိုင်းအစဥ်အလာကြီးမားခဲ့မှုများ၊ နိုင်ငံဂုဏ်ဆောင် တက္ကသိုလ်ကြီးအဖြစ် တည်ရှိခဲ့မှုများနှင့် နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစနစ်များနှင့်အညီ ပညာသင်ကြားနိုင်သည့် အခွင့်အလမ်းများ ဖော်ဆောင်ပေးနေမှုများ၊ နိုင်ငံတကာနှင့်ယှဉ်ပြိုင်နိုင်စွမ်းရှိသော တက္ကသိုလ်ကြီးတစ်ခု ပေါ်ပေါက်လာစေရန်နှင့် လူအဖွဲ့အစည်းနှင့်ကမ္ဘာကြီးကို အကျိုးပြုနိုင်သော စွမ်းဆောင်ရည် ပြည့်ဝသည့် နိုင်ငံတကာ အဆင့်မီ တက္ကသိုလ်ကြီးတစ်ခု ဖြစ်ထွန်းပေါ်ပေါက်လာရန် ကြိုးပမ်းဆောင်ရွက်နေမှုများ စသည်တို့ကို ဖော်ညွှန်းရေးသား ပါဝင်ယှဉ်ပြိုင် ကြရန် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ (၁၉) ရက်မှ နိုဝင်ဘာလ (၁၆) ရက်နေ့အထိ ဖိတ်ခေါ်ခဲ့ရာ ပါဝင်ယှဉ်ပြိုင်သူ (၁၁၈)ဦးက ပြိုင်ပွဲဝင်ကဗျာအပုဒ်ပေါင်း (၁၂၈) ပုဒ်ကို ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
ပြိုင်ပွဲဝင်ကဗျာများကို စိစစ်အကဲဖြတ်ရွေးချယ်ခြင်းအား ယနေ့ မွန်းလွဲ(၁)နာရီအချိန်တွင် ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်၊ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း၊ ကဗျာပညာရှင်များက ပြိုင်ပွဲဝင် စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ အကဲဖြတ်စိစစ်ကြပြီး ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် အထူးဆု (၅) ဆုတို့ကို ရွေးချယ်ခဲ့ကြကြောင်း သတင်းရရှိသည်။
အောင်မြင့် (ပြန်/ဆက်)