ရန်ကုန် စက်တင်ဘာ ၆
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ သင်္ဃန်းကျွန်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၌ ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က ခရိုင်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အထက်အဆင့်ဆင့်မှ လမ်းညွှန်မှာကြားချက် အစည်းအဝေးဆုံးဖြတ်ချက်များအား ဦးစီးအရာရှိ ဦးကျော်မင်းထွန်းက ဖတ်ကြားခဲ့သည်။ ဆက်လက်၍ သင်္ဃန်းကျွန်း ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးလွင်က အဖွင့်အမှာစကားပြောကြားရာတွင် စက်တင်ဘာ ၁ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းခဲ့ရာ သန်းခေါင်စာရင်းကောက်ယူရေးသင်တန်းများဖွင့်လှစ်နိုင်ရေး၊ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲအား အောင်မြင်စွာကျင်းပနိုင်ခဲ့သည့်အတွက် ပါဝင်သည့်ကော်မတီများ၊ လုပ်ငန်းကော်မတီများ၊ ဌာနဆိုင်ရာများ၊ သဘင်ဂီတအနုပညာရှင်များအား အထူးကျေးဇူးတင်ရှိပါကြောင်း၊ ဆောက်လုပ်ရေးပိုင်းအနေနှင့် လမ်းတွေသတ်မှတ်ထားသည့်အတွက် ကျူးကျော်နေထိုင်သူများအား ဖယ်ရှားရန်လိုကြောင်း၊ ရေစီးရေလာကောင်းမွန်ရေးအတွက် ရေထုတ်စနစ်အားနည်းနေတာတွေ အားကောင်းမွန်ရေးဆောင်ရွက်ဖို့လိုကြောင်း၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများရှိလာစေရေးအတွက် စာကြည့်တိုက်များဖွင့်လှစ်ပြီးဖတ်ခြင်း၊ မှတ်ခြင်း၊ ဆွေးနွေးခြင်းများပြုလုပ်သင့်ကြောင်း၊ မြို့နယ်များရှိ ရပ်ကွက်စာကြည့်တိုက်များအား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ကြဖို့လိုကြောင်း၊ ပညာရေးနှင့်ပတ်သက်၍ လူတိုင်းအလယ်တန်းအဆင့်ထိ တတ်မြောက်ရန်လိုအပ်ကြောင်း၊ အောက်တိုဘာ ၁ ရက်နေ့မှစတင်၍ သန်းခေါင်စာရင်းကောက်ယူသွားမည်ဖြစ်ကြောင်း၊ ယခုလ ၁၇ ရက်နေ့မှစတင်၍ သန်းခေါင်စာရင်းကောက်ယူရေး မြို့နယ်အဆင့် ဆင့်ပွားသင်တန်းများ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းစသည်ဖြင့် ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ခရိုင်အဆင့်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များက မိမိဆောင်ရွက်နေသည့်လုပ်ငန်းများနှင့်ပတ်သက်၍ တင်ပြဆွေးနွေးခဲ့ရာ ဥက္ကဋ္ဌဦးထူးလွင်က လိုအပ်သည်များကိုပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လှလှနွယ်(ပြန်/ဆက်)