သဲကုန်း နိုဝင်ဘာ ၂၁
စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာဘဏ်အကူအညီဖြင့်ဆောင်ရွက်နေသော ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် လူထုဗဟိုပြုစီမံကိန်း(တတိယနှစ်စက်ဝန်း) မြို့နယ်စီမံကိန်းရေးဆွဲရေးနှင့် အကောင်ထည်ဖော်ရေး ကော်မတီ (TPIC) ပထမအကြိမ်အစည်းအဝေးကို ယမန်နေ့က သဲကုန်းမြို့အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် သဲကုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းနှင့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဝေဖြိုးကျော်တို့မှ အမှာစကားအသီးသီး ပြောကြားခဲ့ပြီး လူထုဗဟိုပြုစီမံကိန်း ဒုတိယနှစ်စက်ဝန်းတွင် အကောင်ထည်ဖော်ဆောင်ရွက်ပြီးစီးခဲ့သည့် ပညာရေးဆိုင်ရာ အခြေခံအဆောက်အဦ စာသင်ကျောင်းဆောင်အသစ် ၁ လုံး၊ စာသင်ကျောင်းဆောင်ပြုပြင်ခြင်း ၂ လုံးနှင့် ၂ ခန်းတွဲအိမ်သာ ၁ လုံးကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးအောင်မြတ်ထွန်းမှ လွှဲပြောင်းပေးအပ်ခဲ့ရာ မြို့နယ်ပညာရေးမှူး ဦးဌေးဝင်းမှ လက်ခံရယူခဲ့သည်။
ဆက်လက်၍ လူထုဗဟိုပြုစီမံကိန်းမှ တတိယနှစ်စက်ဝန်းအတွက် အကောင်ထည်ဖော် ဆောင်ရွက်မည့် ကျေးရွာအုပ်စု ၃၀ မှ လုပ်ငန်းခွဲ ၁၀၅ ခုကိုတင်ပြဆွေးနွေးခဲ့ရာ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းအလိုက် ပါဝင်ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကိုအောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။
နိုင်လင်း(သဲကုန်းပြန်/ဆက်)