ပွင့်ဖြူမြို့နယ် မဒဲ(တ)ကျေးရွာနှင့် မဒဲ(မ)ကျေးရွာ ဆက်သွယ်သည့် ကျေးရွာတွင်းလမ်းအား အဆင့်မြှင့်တင်ဆောင်ရွက်

ပွင့်ဖြူ      နိုဝင်ဘာ        ၂၁

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် မဒဲ(တ)ကျေးရွာနှင့် မဒဲ(မ)ကျေးရွာ ဆက်သွယ်လာသည့် ကျေးရွာတွင်း မြေသားလမ်း အရှည်ပေ ၅၆၂၅ ပေအား ဒေသခံကျေးလက်နေပြည်သူများ ရာသီမရွေး အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် အလှူရှင်စနစ်ဖြင့် မြေနီကျောက်စရစ်ခင်းခြင်း လုပ်ငန်းအား နိုဝင်ဘာ ၁၇ ရက်နေ့က စတင်၍ အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း ပွင့်ဖြူမြို့နယ် မဒဲကျေးရွာရှိ ဒေသခံပြည်သူများထံက သိရသည်။

အဆိုပါ ကျေးလက်နေပြည်သူများ ရာသီမရွေး အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် အမေရိကန်နိုင်ငံမှ အလှူရှင် တစ်ဦးက အလှူငွေကျပ် သိန်း(၁၀၀) ထောက်ပံ့လှူဒါန်းပေးကြောင်း သိရပြီး ကျေးရွာတွင်းလမ်းအရှည်ပေ ၅၆၂၅ ပေ အား  လမ်းအကျယ် ၁၂ ပေ ၊ ထု ၆ လက်မ မြေနီကျောက်စရစ်လမ်းအဖြစ် ကျေးရွာနေပြည်သူများမှ ဦးဆောင်၍ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လိုအပ်သော နည်းပညာ ပံ့ပိုးကူညီ ဆောင်ရွက်ပေးနေကြောင်းနှင့် အဆိုပါ မဒဲ(တ)ကျေးရွာနှင့် မဒဲ(မ)ကျေးရွာ ဆက်သွယ်သွားလာသည့် ကျေးရွာတွင်းလမ်းအား မြေနီကျောက်စရစ် လမ်းအဖြစ် အဆင့်မြှင့်တင် ဆောက်ရွက်ပြီးစီးပါက ကျေးရွာ(၂)ရွာရှိ အိမ်ခြေ(၄၁၇)အိမ်၊ လူဦးရေ (၁၈၂၅)ဦး အတွက် ရာသီမရွေး အဆင်ပြေစွာ သွားလာနိုင်မည့်အပြင် ကျေးရွာ၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် များစွာအကျိုးပြု ပေးနိုင်မည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီး ဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင် ထံက သိရသည်။

“ကျွန်တော်တို့ မဒဲ(တ)ကျေးရွာနဲ့ မဒဲ(မ)ကျေးရွာ ဆက်သွယ်ထားတဲ့ ကျေးရွာတွင်းလမ်း အရှည်ပေ ၅၆၂၅ ပေ ကို အဆင်ပြေစွာ သွားလာနိုင်ဖို့အတွက် အမေရိကန်နိုင်ငံက အလှူရှင်က ငွေကျပ် သိန်း(၁၀၀) လှူဒါန်းပေးပါတယ်။  မကွေးတိုင်း ဒေသကြီးဝန်ကြီးချုပ်မှ တစ်ဆင့် ပေးပို့လှူဒါန်းတာ ဖြစ်ပါတယ်။ လှူဒါန်းပေးတဲ့ အလှူရှင်ကိုလဲ အရမ်းကျေးဇူး တင်ပါတယ်။ ကျေးရွာတွင်းလမ်း မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်းကိုတော့ ကျေးရွာမှာရှိတဲ့ ဒေသခံပြည်သူတွေ စုပေါင်းပြီး ဆောင်ရွက်တာဖြစ်ပါတယ်။ လုပ်ငန်းအတွက် လိုအပ်တဲ့နည်းပညာကိုတော့ မြို့နယ်ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ပံ့ပိုးကူညီဆောင်ရွက်ပေးပါတယ်။ နိုဝင်ဘာ(၁၇)ရက်နေ့က စပြီး လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက် တာဖြစ်ပါတယ်။ ကျေးရွာတွင်းလမ်း အဆင့်မြှင့်တင်ပြီးစီးသွားရင် ကျွန်တော်တို့ မဒဲ(တ)ကျေးရွာနဲ့ မဒဲ(မ)ကျေးရွာက ဒေသခံပြည်သူ တွေ ရာသီမရွေး အဆင်ပြေစွာ သွားလာနိုင်မှာဖြစ်ပါတယ်” ဟု ပွင့်ဖြူမြို့နယ်မဒဲ(တ)ကျေးရွာမှ ဒေသခံ ပြည်သူတစ်ဦးက ပြောသည်။ 

ရဲဝင်းနိုင် (ညောင်ဦး)