ပွင့်ဖြူ နိုဝင်ဘာ ၂၁
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်မီးသတ်ဦးစီးဌာနမှ ပြည်သူများ မီးဘေးအန္တရာယ် ကင်းဝေးစေရန်အတွက် ယမန်နေ့ နံနက် ၁၁ နာရီခွဲက မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်သီဟ၏ လမ်းညွှန်မှုဖြင့် လက်ထောက်မီးသတ်ဦးစီးမှူး ဦးနေမင်းထွန်း ဦးဆောင်သော မီးသတ် တပ်ဖွဲ့ဝင်များက ပွင့်ဖြူမြို့ပေါ်ရှိ ဆန်စက်များသို့ သွားရောက်ပြီး မီးဘေးလုံခြုံစိတ်ချရမှု ရှိ/မရှိနှင့် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စနစ်တကျ ဆောင်ရွက်ထားမှု ရှိ/မရှိ တို့ကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပွင့်ဖြူမြို့နယ်မီးသတ်ဦးစီးဌာနမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးနေမင်းထွန်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ပွင့်ဖြူမြို့၊ သက်တော်ရှည်ရပ်ကွက်ရှိ ပြည်ကျော်ဆန်း ဆန်စက်လုပ်ငန်းခွင်သို့ သွားရောက်ကာ တာဝန်ရှိသူနှင့် တွေ့ဆုံပြီး လုပ်ငန်းလည်ပတ် ဆောင်ရွက်ရာတွင် မီးဘေးလုံခြုံရေးအတွက် အထူးဂရုပြုဆောင်ရွက်သွားရန် ၊ လျှပ်စစ်မီးများအား ကိုင်တွယ်အသုံးပြုရာတွင် အန္တရာယ်မဖြစ်စေရေး စနစ်တကျ ကိုင်တွယ်အသုံးပြုရန်၊ မီးဘေးအန္တရာယ်နှင့် ပတ်သက်ပြီး ကြိုတင်ကာကွယ်ရမည့် ဆောင်ရန်/ရှောင်ရန်အချက်များ၊ မီးသတ်ဆေးဘူး အသုံးပြုနည်းများကို အသိပညာပေး ဆွေးနွေးဟောပြောခဲ့သည်။
ထို့နောက် လက်ထောက်မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ပြည်သူများ မီးဘေး အန္တရာယ် ကင်းဝေးစေရေးအတွက် ဆန်စက်လုပ်ငန်းခွင်တွင် အသုံးပြုနေသည့် လျှပ်စစ်မိန်းခုံ များနှင့် လျှပ်စစ်မီးကြိုးများ ကြံ့ခိုင်ကောင်းမွန်မှု ရှိ/မရှိ၊ မီးဘေးအန္တရာယ် ကြုံတွေ့ပါက ရေရယူသုံးစွဲရန် အဆင်ပြေမှု ရှိ/မရှိ ၊ မီးသတ်ဆေးဘူးများ အရည်အသွေး ပြည့်မီမှု ရှိ/မရှိ တို့ကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )