ဒဂုံမြို့သစ်(အရှေ့ပိုင်း) နိုဝင်ဘာ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသော ကာလအတွင်း အခြေခံ လက်လုပ်လက်စားပြည်သူများ၏ စားသောက်ရေး အခက်အခဲရှိသော အိမ်ထောင်စုများအား ပြည်သူမှ ပြည်သူသို့ မျှဝေရေးအစီအစဉ်ဖြင့် We Love Yangon မှ အခြေခံစားသောက်ကုန်များကို ထောက်ပံ့လှူဒါန်း ပေးလျက်ရှိရာ ယမန်နေ့ မွန်းလွဲ ပိုင်းအချိန်က ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်းရှိ နွမ်းပါးအိမ်ထောင်စု ၉၇ စု အား အခြေခံ စားသောက်ကုန်များကို လာရောက်လှူဒါန်း ပေးခဲ့ကြသည်။
ထိုသို့ လှူဒါန်းရာတွင် အလှူရှင်များကိုယ်စား We Love Yangon မှ တာဝန်ရှိသူများ၊ We Love East Dagon အဖွဲ့မှ တာဝန်ရှိသူများသည်အမှတ် (၁၄၊၁၅၊ရွာသာကြီး)ရပ်ကွက်များအတွင်းရှိ နွမ်းပါး အိမ်ထောင်စု ၉၇စု အတွက် အိမ်ထောင်စုတစ်စုလျှင် ဆန် ၁၂ ပြည်၊ဆီ ၁ ဗူး၊ အချိုရည် ၃ ဗူး၊ ခေါက်ဆွဲခြောက် ၁ ဖာ၊ ငါးသေတ္တာ ၅ ဗူး၊ နှာခေါင်းစည်းMask KN 95 တစ်ခု စသည့် အခြေခံ စားသောက်ကုန်များကို ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ We Love Yangon လူထုအခြေပြုပရဟိတအဖွဲ့အနေဖြင့် ပြည်သူမှ ပြည်သူသို့ မျှဝေရေးအစီအစဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့ပေါ်ရှိ ရပ်ကွက်များနှင့် ကျေးရွာများရှိ အခြေခံ လူတန်းစား အိမ်ထောင်စုများအား အခြေခံစားသောက်ကုန်များ ဆက်လက်ထောက်ပံ့လှူဒါန်း ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လှလှထွေး(ပြန်/ဆက်)