ပင်လည်ဘူး နိုဝင်ဘာ ၂၁
စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀- ၂၀၂၁ခု ဘဏ္ဍာရေးနှစ်တွင် တစ်ရွာလျင် ငွေကျပ် သိန်း(၁၀၀)ဖြင့် ကျေးရွာ(၁၀)ရွာတွင် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း(VDP) လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ရာ အဆိုပါကျေးရွာများအား ရွေးချယ်ခြင်းကို နိုဝင်ဘာ ၂၀ ရက်နေ့က မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းနောင်က အဖွင့်အမှာစကား ပြောကြားပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသက်ထွန်းဇော်က ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)လုပ်ငန်းများ၊ ကျေးရွာများ ရွေးချယ်ခြင်းတို့နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက် လာကြသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းနောင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးသက်နောင်၊ မြို့နယ်ကျေးလက်ဦးစီးမှူး ဦးသက်ထွန်းဇော်နှင့် မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူ များက ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်တွင်တစ်ရွာလျင် ငွေကျပ် သိန်း(၁၀၀)ဖြင့် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း(VDP) လုပ်ငန်းများဆောင်ရွက်မည့် အိုးမြေကုန်းအုပ်စု အိုးမြေကုန်းကျေးရွာ၊ ဝါးယူးသာအုပ်စု အောင်းကုန်းကျေးရွာ၊ မြေသာအုပ်စု ပိန္နဲကုန်းကျေးရွာ၊ သဒွတ်ကုန်းအုပ်စု ညောင်ကုန်းကျေးရွာ၊ ကံကုန်းအုပ်စု လေသာကျေးရွာ၊ ကြူတောကိုင်းအုပ်စု ပေပင်စု(တိုးချဲ့ရွာသစ်)၊ ရွာသာယာအုပ်စု ပေကုန်းကျေးရွာ၊ ဟဲသတ်အုပ်စု ဟဲသတ်ကျေးရွာ၊ တမောသာအုပ်စု ဖက်သင်္သာကျေးရွာနှင့် သင်္ဘောသာအုပ်စု အောင်းကုန်းကျေးရွာ စုစုပေါင်းကျေးရွာ (၁၀)ရွာတို့ကို အတည်ပြု ရွေးချယ်ပေးခဲ့ကြသည်။
ပင်လည်ဘူးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း(VDP) လုပ်ငန်းများကို ၂၀၁၈-၂၀၁၉ ခုဘဏ္ဍာရေးနှစ်တွင် ကျေးရွာ(၃)ရွာနှင့် ၂၀၁၉-၂၀၂၀ ပြည့် ဘဏ္ဍာရေးနှစ်တွင် ကျေးရွာ(၅)ရွာတို့တွင် စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြပြီး ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေးနှစ်တွင် ကျေးရွာ(၁၀)တွင် စီမီကိန်းလုပ်ငန်းများကို ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးလွင်(ပင်လည်ဘူး)