ဝန်းသို နိုဝင်ဘာ ၂၁
တောင်သူဦးကြီးများ မိုးစပါးသီးနှံ ကိုယ်စားပြုစံအထွက်နှုန်းအား သိရှိနိုင်စေရန်၊ သီးနှံစိုက်စနစ် အလိုက် အထွက်နှုန်းအားသိရှိနိုင်ရန်နှင့် မိုးစပါးသီနှံအထွက်တိုးရေး အထွက်နှုန်းမိတ်ဖက်များ၏ အရေး ပါမှုကို တောင်သူများသိရှိနားလည်စေရန်ရည်ရွယ်၍ ယမန်နေ့နံနက်ပိုင်းက စစ်ကိုင်းတိုင်း ဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်အတွင်း CERP အစီအစဉ်ဖြင့် စီးပွားဖြစ်မိုးစပါး မျိုးသန့် မျိုးစေ့ထုတ်ကွက် စိုက်ပျိုးထားသည့် မယ်ဇလီအုပ်စု၊ ကွင်းအမှတ် (၁၂၄၈-က )၊ ဦးပိုင်အမှတ် (၈၉)၊ တောင်သူ ဦးဘိုတင်၏ မှော်ဘီ-၂ မျိုးစေ့ထုတ်ဧရိယာ(၆)ဧက၌ ၀.၁၀ဧက(၆၆'×၆၆') စံကွက်ရိတ်သိမ်းပွဲကို ကျင်းပပြုလုပ်ခဲ့ရာ တစ်ဧက အစို ထွက်နှုန်း ၁၀၄တင်း ထွက်ရှိခဲ့ကြောင်း သိရသည်။
အဆိုပါစံကွက်ရိတ်သိမ်းပွဲသို့ စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒု-တိုင်းဦးစီးမှူး ဦးအောင်ကြည်ဝင်း၊ တိုင်းဒေသကြီး မျိုးစေ့တာဝန်ခံ ဒေါ်မင်းမင်းသန်းနှင့် အဖွဲ့များ၊ ကောလင်းခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဝင်းသိန်း၊ ဝန်းသိုမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှုး ဦးကျော်စောအေးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်လယ်စီ/အင်းမှ မြို့နယ်ဦးစီးမှူး ဦးဝင်းထွန်းလတ်နှင့်အဖွဲ့များ၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတင့်ဆွေနှင့်ဝန်ထမ်းများ၊ သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ တက်ရောက်ခဲ့ကြပြီး စပါးရိတ်သိမ်းပြီးချိန် လယ်သီးထပ်အဖြစ် ဆောင်းနေကြာများ၊ နွေနှမ်းများနှင့် ပဲတစ်မျိုးမျိုးတို့ကို တောင်သူများအနေဖြင့် ဆက်လက်စိုက်ပျိုးနိုင်ရေးအတွက် အသိပညာပေး စည်းရုံးပြောကြားခဲ့ရာ တောင်သူများမှ မျိုးလိုအပ်ချက်နှင့် စိုက်နည်းစနစ် လိုအပ်ချက်များကို တင်ပြမှုအပေါ် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ဝန်းသိုမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် မိုးစပါးစိုက်ဧက ၃၈၉၈၉ ဧကစိုက်ပျိုးထားရှိပြီး ကိုဗစ်-၁၉ စီးပွား ရေးကုစားမှု CERP အစီအစဉ်ဖြင့် စီးပွားဖြစ် မိုးစပါးမျိုးသန့် မျိုးစေ့ထုတ်ကွက် ၂၅၀ ဧက စိုက်ပျိုးထားရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ကျော်မြိုင် (ပြန်/ဆက်)