မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့် ပြောင်းရွှေ့ရသည့်အိမ်ထောင်စု(၃၆)စုအတွက် တစ်ကိုယ်ရေသုံးပစ္စည်းနှင့် လက်သမားသုံးပစ္စည်းများ ထောက်ပံ့လှူဒါန်း

ပွင့်ဖြူ      နိုဝင်ဘာ      ၂၁

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် ပေါက်ကုန်းကျေးရွာအုပ်စု ၊ ကံလှကျေးရွာ ၊ ကျောင်းစုကျေးရွာနှင့် ဇီးကျွန်း ကျေးရွာတို့တွင် ဧရာဝတီမြစ်ကမ်းပါး ပြိုကျမှုကြောင့် အိမ်ထောင်စု(၃၆)စု ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေထိုင်ရကြောင်း သိရ၍ နိုဝင်ဘာ ၂၁ ရက် ၊ ယနေ့ နံနက် ၉ နာရီခွဲက မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တစ်ကိုယ်ရေသုံးပစ္စည်းနှင့် လက်သမားသုံး ပစ္စည်းများ လာရောက်ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။

ဧရာဝတီမြစ်ကမ်းပါး ပြိုကျမှုကြောင့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ရသော အိမ်ထောင်စုအနေဖြင့် ပွင့်ဖြူမြို့နယ် ပေါက်ကုန်းကျေးရွာအုပ်စု ၊ ကံလှကျေးရွာတွင် အိမ်ထောင်စု(၃၀) ၊ ကျောင်းစုကျေးရွာတွင် အိမ်ထောင်စု() စု ၊ ဇီးကျွန်း ကျေးရွာတွင် အိမ်ထောင်စု()စု ၊ စုစုပေါင်း အိမ်ထောင်စု(၃၆)စု ရှိကြောင်း သိရပြီး ၊ ယနေ့ နံနက်ပိုင်းက မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ မြစ်ကမ်းပါးပြိုကျမှုကြောင့် ပြောင်းရွှေ့ရသော အိမ်ထောင်စုများ အဆင်ပြေစွာ နေထိုင်နိုင်ရေး အတွက် အိမ်ထောင်စုတစ်စုလျှင် တစ်ကိုယ်ရေသုံးပစ္စည်းများဖြစ်သည့် အမျိုးသမီးလစဉ်သုံးပစ္စည်း ၊ မျက်နှာသုပ်ပုဝါ ၊ ရေခွက် ၊ သွားတိုက်တံ ၊ သွားတိုက်ဆေး နှင့် လက်သမားသုံးပစ္စည်းများဖြစ်သည့် တူ ၊ ပေါက်ပြား ၊ ဂေါ်ပြား ၊ ဓားမကြီး ၊ သံကြိုး ၊ ပလာယာ၊ အိမ်ရိုက်သံမျိုးစုံ တို့ကို မြန်မာနိုင်ငံကြက်ခြေနီအသင်းကိုယ်စား ပွင့်ဖြူမြို့နယ်ကြက်ခြေနီ အသင်းခွဲက္ကဋ္ဌ ဒေါက်တာထွန်းထွန်း ဦးဆောင်သော ကြက်ခြေနီတပ်ဖွဲ့ဝင်များက သွားရောက်ပေးအပ်လှူဒါန်းရာ ကမ်းပြိုဘေးသင့် အိမ်ထောင်စုဝင်များက လက်ခံရယူခဲ့ကြကြောင်း သိရသည်။  

အဆိုပါ ကမ်းပါးပြိုဘေးသင့် အိမ်ထောင်စုဝင်များအား မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ စေတနာရှင် ပြည်သူများနှင့် လူမှုရေးအသင်းအဖွဲ့များကလည်း စားသောက်ကုန်ပစ္စည်းများ ၊ တစ်ကိုယ်ရေသုံးပစ္စည်းများနှင့် အလှူငွေများ ဝိုင်းဝန်းကူညီ ထောက်ပံ့လှူဒါန်းပေးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် ကံလှကျေးရွာမှ ဒေသခံပြည်သူများထံက သိရသည်။

ရဲဝင်းနိုင် ( ညောင်ဦး )