ဖောင်းပြင် နိုဝင်ဘာ ၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ဝန်ကြီးဌာန၏ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဆင်းရဲနွှမ်းပါးမှုလျော့ချရေး အစီအစဉ်ဖြင့် ဆောင်ရွက်လျက်ရှိရာ ဟဲနှိမ်ကျေးရွာ၌ ဆဋ္ဌမနှစ်စက်ဝန်းအတွက် ချေးငွေများထုတ်ချေးပေးခြင်းကို ယမန်နေ့က မြို့နယ်ဦးစီးအရာရှိ ဒေါ်နွဲ့နွဲ့ဌေးနှင့် ဝန်ထမ်းများမှ သွားရောက် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ထိုသို့ထုတ်ချေးပေးရာတွင် ရှေးဦးစွာ မြို့နယ်ဦးစီးအရာရှိဒေါ်နွဲ့နွဲ့ဌေးက “စီမံကိန်းကာလ ငါးနှစ်အတွင်း စီမံကိန်း ရန်ပုံငွေမှ ရရှိသောအကျိုးအမြတ်နှင့် ပြည်သူထည့်ဝင်ငွေများ၊ လုပ်အားများနဲ့ ကျေးရွာတွင်းလမ်းမီးလင်းရေးကို လုပ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ဆက်လက်ပြီးတော့ လည်း ဖြတ်ကျော်ခဲ့တဲ့ကာလတွေကနေ လိုအပ်ချက်တွေကိုပြုပြင် ပြီးတော့ ပိုမိုတိုးတက် ကောင်းမွန်အောင် စည်းလုံးညီညွတ်မှုရှိစွာနဲ့ ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း အမှာ စကားပြောကြားသည်။
ယင်းနောက် ရန်ပုံငွေများကိုထုတ်ချေးပေးရာ ရောင်းဝယ်ရေးလုပ်ကိုင်သူတစ်ဦးအတွက် ငွေကျပ် ငါးသိန်းကို လည်းကောင်း၊ စိုက်ပျိုးရေးလုအ်ကိုင်သူ (၁၂၂)ဦးအတွက် ငွေကျပ်(၄၈၂)သိန်းကို လည်းကောင်း ကျေးရွာမှ မြစိမ်း ရောင်စီမံကိန်းကော်မတီများနှင့်အတူ ကိုဗစ်- ၁၉ ရောဂါကာကွယ်ရေးညွှန်ကြားချက်များနှင့်အညီ ထုတ်ချေးပေးခဲ့သည်။
အဆိုပါကျေးရွာ၌ ၂၀၁၈- ၂၀၁၉ ခုနှစ်တွင် မြစိမ်းရောင်စီမံကိန်းမှ အတိုးရငွေ (၁၀ ဒသမ ၀၁၁) သန်း၊ ကျေးရွာမှ စိုက်ထည့်ငွေကျပ် (၀ ဒသမ ၂၄၉)သန်းနှင့် လုပ်အားများစုပေါင်း၍ ဆိုလာမီးတိုင် (၂၀)ဖြင့် ကျေးရွာတွင်းလမ်းမီး လင်းရေး ဆောင်ရွက်ထားရှိကြောင်း ဖောင်းပြင်မြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သိရသည်။
ကိုထွန်း(ဖောင်းပြင်)