မြင်းမူ နိုဝင်ဘာ ၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အတွင်း CERP အစီအစဉ်ဖြင့် စိုက်ပျိုးထားရှိသည့် မျိုးစေ့ထုတ်မိုးစပါးများ မကြာမီ ရိတ်သိမ်းကြတော့မည်ဖြစ်ရာ ရိတ်သိမ်း သိုလှောင်မှုဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
ဒေသခံတောင်သူများအနေဖြင့် မျိုးစေ့ထုတ်မိုးစပါးများ ရိတ်သိမ်းရာတွင် သတိထားရမည့် ရိတ်သိမ်းမှု အချိန်စောလွန်းခြင်း၊ နောက်ကျခြင်းနှင့် ရိတ်သိမ်းရန်သင့်သည့်အချိန် များနှင့် ပတ်သက်၍ အသိပညာပေးခြင်းဖြစ်ကြောင်း၊ ရိတ်သိမ်းချိန်စောလွန်းပါက မအောင်မြင်သော လုံးပိန်၊ လုံးညှပ်များကြောင့် အထွက်နှုန်းကျဆင်းခြင်း၊ ရိတ်သိမ်းချိန် နောက်ကျပါက စပါးစေ့ကြွေကျ လေလွင့်ခြင်းနှင့်အတူ ကြွက်၊ ငှက်အစရှိတိရစ္ဆာန်များ၏ ဖျက်ဆီးမှုကြောင့် အထွက်နှုန်းကျဆင်းနိုင်ခြင်း၊ အရည်အသွေးကျဆင်းနိုင်ခြင်း၊ စပါးများရိတ်သိမ်းမည်ဆိုပါက စပါးနှံရှိစပါးစေ့များ၏ (၈၀)နှင့်(၈၅)ရာခိုင်နှုန်းတွင် အဝါရောင်ပြောင်းခြင်းနှင့် ဂုတ်ဆစ်အနီးရှိ စပါးစေ့များ ဖက်ဖူးရောင်ပြောင်းချိန် (မောင်းညိုချိန်)တွင်ရိတ်သိမ်းမှသာ မိမိတို့ရိတ်သိမ်း ရရှိမည့်စပါးများ အရည်အသွေးကောင်းမွန်စွာ ရရှိပြီး ပြန်လည်ဖြန့်ဖြူး ရောင်းချရာတွင် အဆင်ပြေနိုင်မှုများနှင့် ပတ်သက်၍ လည်းကောင်း၊ မျိုးစေ့များအခြောက်ခံရာတွင် မျိုးစေ့(Seed)နှင့် သီးနှံစေ့(Grain)တို့ကို ကွဲကွဲပြားပြားသိရှိရန်နှင့် မျိုးစေ့သိုလှောင်နည်း စနစ်များနှင့် ပတ်သက်၍ ဒေသခံတောင်သူများကို ဌာနဝန်ထမ်းများက ယခုကဲ့သို့ကျေးရွာများ အရောက် အသိပညာပေးမှုများ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှု ဦးရဲမြင့်သိန်း၏ ပြောကြားချက်အရ သိရှိရသည်။
မြင်းမူမြို့နယ်အတွင်း (CERP)အစီအစဉ်ဖြင့် ကျေးရွာအုပ်စု(၁၂)အုပ်စုတွင် မျိုးစေ့ထုတ်မိုးစပါး (၂၅၉)ဧကစိုက်ပျိုးထားရှိရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး မကြာမီရိတ်သိမ်းကြတော့မည် ဖြစ်ကြောင်းသိရှိရသည်။
အောင်စိုးဖေ (မြင်းမူ)