ကျိုက်ထို နိုဝင်ဘာ ၂၁
ကျိုက်ထိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး (Mask and Face Shield Campaign ) ကို မွန်ပြည်နယ်အစိုးရ အဖွဲ့၏ လမ်းညွှန်မှုများနှင့်အညီ နိုဝင်ဘာလ (၂၁)ရက်မှ (၂၇)ရက်နေ့အထိ နံနက်(၇) နာရီမှ (၉) နာရီထိ လူစည်ကားရာနေရာများတွင် အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ Mask Campaign ကို ကိုဗစ်-၁၉ ရောဂါကူးစက်နိုင်ခြေရှိသော လူစည်ကားရာ နေရာများဖြစ်သည့် မြို့နယ်မီးသတ်စခန်း၊ ပြည်သူ့ဈေး၊ ကျိုက်ထီးရိုးဘုရားလမ်းဆုံ စသည့်နေရာများတွင် ပြည်သူများအား ပါးစပ်နှင့် နှာခေါင်းစည်း Maskများကို ဖြန့်ဝေတပ်ဆင်စေခြင်း ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ခြင်းဆိုင်ရာ အမူအကျင့် ကောင်းများကို လက်ကိုင်အသံချဲ့စက်များဖြင့် ကျန်းမာရေးအသိပညာပေးခြင်းတို့ကို ဆောင်ရွက် ကြသည်။
အဆိုပါ Mask Campaign တွင် မွန်ပြည်နယ်အစိုးရ အဖွဲ့ဝင် စီမံ/ဘဏ္ဍာဝန်ကြီး ဦးဝဏ္ဏကျော်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာခင်ဆောင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှမြင့်သန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲဝင်းထိုက်နှင်ဝန်ထမ်းများ၊ ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာစောကလျာနှင့်ဝန်ထမ်းများ၊ Mask Campaign ပြုလုပ်ရေးကော်မတီဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပညာရေးဝန်ထမ်းများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် စေတနာ့ဝန်ထမ်းများမှ အဖွဲ့(၃)ဖွဲ့ခွဲ၍ (၁)ဖွဲ့လျှင် Mask ခုရေ(၁၀၀၀)နှုန်းဖြင့် နေရာ (၃) နေရာတွင် Mask (၃၀၀၀)ကို ဖြန့်ဝေပေးခဲ့သည့်အပြင် Covid-19ရောဂါ ဖြစ်ပွားမှုများသည့် ဘိုက္ကားကျေးရွာ၌ Mask (၅၀၀၀) ၊ ဇေယျာမွန် ရပ်ကွက်၌ Mask (၅၀၀၀) စုစုပေါင်း Mask (၁၀,၀၀၀)ကို ကျေးရွာများအရောက် အိမ်တိုင်ရာရောက် လိုက်လံပေးအပ်ခဲ့ကြောင်း သိရသည်။
ဝင်းမောင်(ကျိုက်ထို)