နာဂဒေသ၊ လဟယ်မြို့တွင် အပြင်ထွက်လျှင် နှာခေါင်းစည်း mask မတပ်ဆင်သူများအား ယခုဝယ်ယခုတပ် စနစ်ဖြင့်ဆောင်ရွက်

လဟယ်      နိုဝင်ဘာ      ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်မာ ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ် ဦးစီးဌာနနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီတို့ ပူးပေါင်း၍ အများပြည်သူများ ကိုဗစ်-၁၉ ရောဂါ အန္တရာယ်မှ ကင်းဝေးစေရေး ကြိုတင် ကာကွယ်ရေး လုပ်ငန်းအ‌နေဖြင့် အပြင်ထွက်လျှင် နှာခေါင်းစည်း Mask မတပ်ဆင်သူများအား ယခုဝယ် ယခုတပ် စနစ်ဖြင့် ဒဏ်ရိုက်ခြင်း လုပ်ငန်းနှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ပညာပေးလုပ်ငန်းကို ယမန်နေ့ နံနက်(၁၀) နာရီ အချိန်က လဟယ်မြို့ လမ်းဆုံနှင့် မြို့ပေါ်ရပ်ကွက် လူစည်ကားရာ နေရာများ၊ လမ်းဆုံလမ်းခွများနှင့် မြို့ဝင်/ ထွက်နေရာများတွင် ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါကာလအတွင်း ဒေသခံပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကင်းဝေးစေရန်နှင့် ဒေသခံပြည်သူများ၏ နေ့စဉ်သွားလာ လှုပ်ရှားမှုတွင် ကျန်းမာရေးအတွက် အထောက်အကူပြုစေရန် ရည်ရွယ်ပြီး နှာခေါင်းစည်း mask မတပ်ဆင်သူများအား ဒဏ်တပ်သည့်အနေဖြင့် နှာ‌ခေါင်းစည်း mask တစ်ခုလျှင်(၂၀၀)ကျပ်နှုန်းဖြင့် ဝယ်ယူ‌စေခဲ့ကြောင်း သိရသည်။

အဆိုပါ လုပ်လုပ်ငန်းကို လဟယ်မြို့ပေါ်ရပ်ကွက်  အတွင်းရှိ လမ်းဆုံများ၊ မြို့ဝင်/ထွက် နေရာနှင့် မြို့ပေါ်ရပ်ကွက် လူစည် ကားရာ နေရာ(၁၀)နေရာတွင် ယနေ့မှစ၍ ဒီဇင်ဘာလကုန် အထိ တစ်ရက်ခြား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ရှားဆက်(ပြန်/ဆက်)