ပြည်သူများအချိန်နှင့် တစ်ပြေးညီသတင်းမှန်သိရှိစေရန် သတင်းဗီဒီယိုရိုက်ကူးနည်းသင်တန်း ဖွင့်လှစ်သင်ကြား

ရန်ကုန်  ဇန်နဝါရီ  ၈

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ ပန်းဆိုးတန်းလမ်း (အောက်ဘလောက်)ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရန်ကုန်သင်တန်းကျောင်းတွင် ဗီဒီယိုသတင်း ရိုက်ကူးတည်းဖြတ်ပေးပို့ခြင်းသင်တန်းအမှတ်စဉ်(၂)ကို ဇန်နဝါရီ ၇ ရက်နေ့မှ ၁၁ ရက်နေ့ထိ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်းသိရသည်။

သင်တန်းတွင် ဖုန်းကင်မင်ရာအသုံးပြုရိုက်ကူးနည်း၊ သတင်းရေးသားနည်း၊ စာသတင်းအား အသံသွင်းခြင်း၊ အင်တာဗျူးရုပ်သံထည့်ခြင်း၊ စမတ်ဖုန်းအတွင်း အပလီကေးရှင်းထည့်သွင်းပြီး သတင်းအချောပြုလုပ်ခြင်း၊ သတင်းပေးပို့နည်း စသည့်နည်းပညာရပ်များကို သင်တန်း နည်းပြဆရာ ဦးအောင်တင်ထွန်းက စာတွေ့လက်တွေ့ သင်ကြားပေးလျက်ရှိသည်။

သင်တန်းကို တိုင်းဒေသကြီးနဲ့ပြည်နယ်အသီးသီးရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သတင်းတာဝန်ထမ်းဆောင်သူဝန်ထမ်း ၂၅ ဦးတက်ရောက်သင်ကြားလျက်ရှိကြောင်း၊ သင်တန်းအမှတ်စဉ် (၁)ကို နေပြည်တော်ပြန်ကြားရေးဝန်ကြီးဌာနရုံးချုပ်တွင် ဖွင့်လှစ်ခဲ့ပြီး ယခုအမှတ်စဉ်(၂)ကို ရန်ကုန် တိုင်းဒေသကြီးရုံးမှာဖွင့်လှစ်ခြင်းဖြစ်သည်။

မိုဘိုင်းဖုန်းဖြင့် ဗီဒီယိုသတင်းများ ပိုမို၍စနစ်တကျရိုက်ကူးပေးပို့နိုင်စေရန်၊ သတင်းတိုများ ရိုက်ကူးခြင်း၊ တွေ့ဆုံမေးမြန်းခြင်းများ စနစ်တကျဆောင်ရွက်တတ်သူ ဝန်ထမ်းများ တိုးပွားလာစေရန်၊ ဗီဒီယိုသတင်းတည်းဖြတ်ခြင်းလုပ်ငန်းအား ထိရောက်လျင်မြန်စွာဖြင့် ဆောင်ရွက်တတ်သူ ဝန်ထမ်းများ တိုးပွားလာစေရန်၊ ပြည်သူများကိုအချိန်နှင့် တစ်ပြေးညီ သတင်းမှန်သိရှိစေရန်ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။

ပေါက်စ(မင်းလှ)