သရက်မြို့၌ ဌာနဆိုင်ရာများနှင့် PTTEP South Asia Co., Ltd တို့၏ စုပေါင်းဘုံကထိန်ပွဲနှင့် အလှူငွေများ လှူဒါန်းခြင်းအခမ်းအနားကျင်းပ

သရက်     နိုဝင်ဘာ     ၂၂

မကွေးတိုင်းဒေသကြီး၊  သရက်မြို့၌  ခရိုင်/ မြို့နယ်ဌာနဆိုင်ရာများနှင့် PTTEP South Asia Co., Ltd တို့ပူးပေါင်း၍ စုပေါင်း ဘုံကထိန်ပွဲနှင့် အလှူငွေများ ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယမန်နေ့ နံနက်(၉) နာရီက သတ္တဌာန ဘုရားကြီး သာသနာ့ ဗိမာန်တွင် ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် မြခဲတောင်ကျောင်းတိုက် ဆရာတော်ထံမှ ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူ ဆောက်တည်ကြပြီး ပင့်သံဃာအပါး(၂၀)အား သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်မျိုးလတ်နှင့် အလှူရှင်များက ဆက်ကပ် လှူဒါန်း၍ သံဃာတော် များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့သည်။

ဆက်လက်၍ အလှူငွေပေးအပ်ပွဲ အခမ်းအနားကို ကျင်းပရာ PTTEP South Asia Co.Ltd မှ စုပေါင်းဘုံကထိန်အတွက် အမေရိကန်ဒေါ်လာ (၅၀၀၀) လှူဒါန်းမှုအား ခရိုင်အုပ်ချုပ်ရေးမှူးမှ လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ် ခဲ့သည်။ ယင်းနောက် မြို့နယ်သံဃာ့နာယကအဖွဲ့ဉက္ကဋ္ဌ၊ မြခဲတောင်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသီလဝံသက သရက်မြို့နယ် သံဃနာယကအဖွဲ့၏ သာသနာရေးဆိုင်ရာ အထွေထွေအသုံးစရိတ်အတွက် အလှူတော်ငွေကျပ် (၂၅) သိန်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီသို့ ငွေကျပ် (၁၀) သိန်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရာတွင် လိုအပ်သော (PPE) ဝတ်စုံများ ဝယ်ယူရန် အတွက် မြပါရမီပရဟိတ အဖွဲ့၊ သုခရတနာ ပရဟိတအဖွဲ့နှင့် အနှိုင်းမဲ့ပရဟိတအဖွဲ့များသို့ အလှူငွေကျပ် (၃) သိန်းစီ အား တာဝန်ရှိသူများထံ ပေးအပ်လှူဒါန်း ခဲ့ကြောင်း သိရသည်။

ဇော်ဝမ်းထွန်း(အောင်လံ)