ပန်းဘဲတန်း နိုဝင်ဘာ ၂၂
ပန်းဘဲတန်းမြို့နယ်ရှိ ရပ်ကွက်များတွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားမိသားစုများ သတ်မှတ် ပုံစံထောက်ခံချက်များ နှင့်အတူ ရပ်ကွက်ရုံးများတွင် ယနေ့ မွန်းလွဲပိုင်းက လာရောက်လျှောက်ထားကြောင်း သိရှိရသည်။
ပန်းဘဲတန်းမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား မိသားစုစာရင်းများ ပိုမိုပြည့်စုံ မှန်ကန်မှုရှိစေရေးအတွက် ကိုဗစ်-၁၉ ကာလအတွင်း အမှန်တကယ် ပုံမှန်ဝင်ငွေ မရှိသော အိမ်ထောင်စုများ နိုင်ငံတော်အစိုးရမှ ထောက်ပံ့ကြေးငွေများ ထောက်ပံ့ချိန်တွင် ရရှိနိုင်ရေးအတွက် သတ်မှတ်ပုံစံ ထောက်ခံချက်များနှင့်အတူ ရပ်ကွက်အုပ်ချုပ်ရေးမှူးထံ လာရောက်လျှောက်ထားရန် ရပ်ကွက်များ အတွင်း ကြေညာခဲ့ပြီး နိုဝင်ဘာလ ၂၀ ရက်နေ့မှ ၂၂ ရက်နေ့ထိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိ၊ ရပ်ဖများက လျှောက်ထား လာသူ မိသားစုများ၏ သတ်မှတ်ပုံစံထောက်ချက်များကို စိစစ်ပြီး မြို့နယ်စစ်ဆေးရေးအဖွဲ့သို့ ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ရပ်ကွက်များအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား မိသားစုဝင်များ သိရှိရမည့် အချက်များကို ပြည်သူများ ပွင့်လင်းမြင်သာ စွာ သိရှိစေရန် ရပ်ကွက်များအတွင်း လှည့်လည် ကြေညာခြင်း၊ သိရှိလိုသည့် အချက်များကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနသို့ ဆက်သွယ်မေးမြန်းရမည့် ဖုန်းနံပါတ်များ ကြေညာထားသဖြင့် ပုံမှန်ဝင်ငွေမရှိသော အခြေခံမိသားစုများ စာရင်းကို ပိုမိုပြည့်စုံမှန်ကန်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
နေခြည်(ပြန်/ဆက်)