မြို့သစ် နိုဝင်ဘာ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ မြို့သစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုအား ထိရောက်စွာ ထိန်းချုပ်နိုင်ရန်အတွက် ဆိုင်ထိုင်စားသောက်ခြင်းမဟုတ်ဘဲ Take-away (ပါဆယ်)စနစ်ဖြင့်သာ ရောင်းချသွားရန် ညွှန်ကြားချက်ထုတ်ပြန်ထားရာမှ ယခုအခါတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာ စံသတ်မှတ်ချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချနိုင်ရေးအတွက် ယမန်နေ့က မြို့သစ်မြို့ စည်ပင်သာယာရေးအဖွဲ့က ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့သစ်မြို့ စည်ပင်သာယာရေးအမှုဆောင်အရာရှိ ဦးကံချွန်ဦးနှင့် ဝန်ထမ်းများ၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဌာနနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများက မြို့သစ်မြို့နှင့် မင်းသာ၊ သနန်ကျေးရွာများတွင် ရောင်းချလျက်ရှိသော စားသောက်ဆိုင်များနှင့် လ္ဘက်ရည်ဆိုင်များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး ဆိုင်ရာ စံသတ်မှတ်ချက်များနှင့်အညီ ဖွင့်လှစ်နိုင်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့် အချက်များကို ရှင်းလင်းဆွေးနွေးခဲ့ သည်။
တမူးခရိုင်၊ မြို့သစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုအား ထိရောက်စွာ ထိန်းချုပ်နိုင်ရန်အတွက် ဆိုင်ထိုင်စားသောက်ခြင်း မဟုတ်ဘဲ Take-away (ပါဆယ်) စနစ်ဖြင့်သာ ရောင်းချသွားရန် စက်တင်ဘာလ ၁၇ ရက်နေ့ကစ၍ ညွှန်ကြားထားပြီး ယခုအခါ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထား သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စံသတ်မှတ်ချက် များနှင့် ကိုက်ညီပြီး (A) အဆင့် သတ်မှတ်ခြင်း ခံရသည့် စားသောက်ဆိုင်၊ လ္ဘက်ရည်ဆိုင်များကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလကုန်တွင် ပြန်လည်ဖွင့်လှစ် ရောင်းချခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။
ထွန်းမင်းအောင်(ကဘော်မြေ)