ရှမ်းရွာသစ်မြို့တွင် မြေဆီလွှာထိန်းသိမ်းခြင်းနှင့် ဓာတ်မြေဩဇာစနစ်တကျ အသုံးပြုနည်း သင်တန်းဖွင့်လှစ်

ရှမ်းရွာသစ်     နိုဝင်ဘာ  ၂၂

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် တောင်သူများ မြေဆီလွှာထိန်းသိမ်းခြင်းနှင့်ဓာတ် မြေဩဇာ များ စနစ်တကျ အသုံးပြုတတ်စေရန် ရည်ရွယ်၍ ယနေ့ နံနက် (၉) နာရီအချိန်တွင် စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရှမ်းရွာသစ်မြို့ စိုက်ပျိုးရေးဦးစီးဌာနမှ မြေဆီလွှာထိန်းသိမ်းခြင်းနှင့် ဓာတ်မြေဩဇ စနစ်တကျ အသုံးပြုနည်းသင်တန်းကို ရှမ်းရွာသစ်မြို့ သန္တိသုခဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းအောင်က စိုက်ပျိုးမြေများ မြေဆီလွှာထိန်းသိမ်းခြင်းနှင့် ပတ်သက်၍ အမှာစကား ပြောကြားပြီးနောက် လှိုင်းဘွဲမြို့နယ်  စိုက်ပျိုးရေးဦးစီးဌာနမှ ဦးကြည်ဝင်း၊ မြို့စိုက် ပျိုးရေးဦးစီးမှူး ဦးမြင့်မောင်နှင့် ဝန်ထမ်းများ က စပါးသီးနှံပန်းတိုင် အထွက်နှုန်းရရှိရေးအတွက် ဓာတ်မြေဩဇာ ထည့်သွင်း နည်း၊ နိုက်တြိုဂျင်ဓာတ်မြေဩဇာ (ပုလဲ ထည့်သွင်းနည်း)၊ အရွက်အရောင်တိုင်းကတ် အသုံးပြုနည်း၊ ဖော့စဖရပ် နှင့် ပိုတက်ဓာတ်မြေဩဇာ ထည့်သွင်းနည်း၊ ဒိုချက်ကင် သဘာဝမြေဩဇာပြုလုပ် သုံးစွဲနည်း၊ မြေချဉ်ပြုပြင်ရေး နည်းလမ်းများ၊ မြေ၏ချဉ်ငန်ကိန်းနှင့် မြေတွင်းအာဟာရဓာတ် ဆက်စပ်ပုံစသည့် မြေဆီလွှာထိန်းသိမ်းခြင်းနှင့် ဓာတ်မြေဩဇာသုံးစွဲနည်းများကိုဆွေးနွေး ပို့ချသင်ကြားပေးခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းသို့ မြို့အုပ်ချုပ်ရေးမှူးဦးနိုင်ဝင်းအောင်၊ လှိုင်းဘွဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးကြည်ဝင်းနှင့် ဝန်ထမ်းများ၊  ရှမ်းရွာသစ်မြို့ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးမြင့်မောင်နှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများနှင့် ကျေးရွာ အုပ်စုများရှိ တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)