စစ်ကိုင်းမြို့နယ်အတွင်း ဆောင်းသီးနှံစိုက်ပျိုး တောင်သူများသို့ အထွက်နှုန်းကောင်းစေရန် နည်းပညာ များ ဖြန့်ဝေပေး

စစ်ကိုင်း    နိုဝင်ဘာ    ၂၂

စစ်ကိုင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန တဲကြီးမြို့မ နည်းပညာဆင့်ပွားရေးစင်တာ တာဝန်ခံများ၊ တွဲဖက် စိုက်ပျိုးရေးပညာရှင် ဝန်ထမ်းများသည် ပဲကတိုးကျေးရွာရှိ ကွင်းအမှတ်(၈၂၁) တောင်သူဦးကြည်ဝင်း၊ ဦးထက်အောင်စိုး၊ ဦးရေပေါနှင့် ဘောင်ပင်ဇင် ကွင်းအမှတ်(၈၂၄) တောင်သူဦးထွန်းခိုင်၊ ဦးကြည်မြင့်တို့၏ ဆောင်းသီးနှံမြေပဲ၊ မတ်ပဲ၊ ပဲကြားစိုက်ခင်းများသို့ ယမန်နေ့၊ နေ့လယ်ပိုင်းက သွားရောက်ကွင်းဆင်း၍ တောင်သူများအား သီးနှံအထွက်နှုန်း ကောင်းမွန်စေရန် နည်းပညာများ ပေးခဲ့ကြ ကြောင်း သိရသည်။

"ကျွန်တော်တို့ စိုက်ပျိုးရေးဦးစီးဌာနအနေနဲ့ စိုက်ပျိုးချိန်မှာပဲဖြစ်ဖြစ်၊ စိုက်ပျိုးပြီး အပင်ပေါက်ချိန် တွေမှာ ပဲဖြစ်ဖြစ် တောင်သူတွေကို ဆင့်ကဲနည်းပညာတွေ ပေးလျက်ရှိပါတယ် မြေပဲဇွယ်ချချိန်တွေမှာ ဆိုရင် Gypsum (ကျောက်မှုန့်)မြေဩဇာ၊ ပန်းပွင့်ချိန်မှာဆို (ယူရီးယား+လက်ချား) စနစ်တကျ သုံးစွဲပေးရပါ့မယ် ဓာတုပစ္စည်း များ လျှော့ချသုံးစွဲစေဖို့အတွက် ဓာတုဓာတ်ကြွင်း အန္တရာယ်များအကြောင်းကို ရှင်းလင်းဆွေးနွေးရပါတယ်၊ သဘာဝပိုးပြေးဆေး၊ သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲရေးတွေကို လက်တွေ့ ပြသ ဆွေးနွေးပေးပါတယ်" ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဇော်ဦးက ပြောပြ၍ သိရသည်။

စစ်ကိုင်းမြို့နယ် စိုက်ပျိုးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ တောင်သူများအနေဖြင့် သီးနှံစိုက်ခင်းများနှင့် ပတ်သက်၍ သော်လည်းကောင်း၊ မြေဩဇာအသုံးပြုရေးသော်လည်းကောင်း၊ ပိုးမွှားအန္တရာယ်ကျ ရောက်လာပါက မည်သို့ ဆောင်ရွက်ရမည် သော်လည်းကောင်း၊ သက်ဆိုင်ရာတိုက်နယ် နည်းပညာပြန့် ပွားရေးစင်တာများတွင် အချိန်နှင့်တစ်ပြေးညီ မေးမြန်းဆောင်ရွက်နိုင်ကြောင်း သိရသည်။

ဇော်မြင့်နိုင်