တမူး နိုဝင်ဘာ ၂၂
တမူးမြို့တွင် ယာဉ်အန္တရာယ် ကင်းရှင်းစေရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိပြီး လိုက်နာနိုင်စေရန် ရည်ရွယ်၍ ယာဉ်စည်းကမ်း၊ လမ်းစည်း ကမ်းအသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းကို အပတ်စဉ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်က မြို့ဝင်/မြို့ထွက်ဖြစ် သည့် ဟဲဇင်းကျေးရွာသွားလမ်းဆုံတွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် အမှတ်(၁၁၂)ယာဉ်ထိန်းရဲ တပ်ဖွဲ့စုမှ ရဲအုပ်ကြည်စိုးနှင့် တပ်ဖွဲ့ဝင်များ၊ ရာအိမ်မှူးများ ပူးပေါင်း၍ ယာဉ်မောင်းသူများ၊ ဆိုင်ကယ်စီးနင်းသူများနှင့် လိုက်ပါစီးနင်းသူများအား သတ်မှတ်ထားသော စံချိန်စံညွှန်းနှင့် ကိုက်ညီသည့် ဆိုင်ကယ်စီးဦးထုပ်ဆောင်း၍ မေးသိုင်းကြိုး သေချာစွာ တပ်ဆင်မောင်းနှင်ကြရန်၊ ရှေ့မီးအနိမ့်ကို နေ့/ည အချိန်တိုင်းဖွင့်၍ မောင်းနှင်ကြရန်၊ ပါဝါ အိတ်ဇောနှင့် ဆူညံအိတ်ဇောများ တပ်ဆင်ပြီး မောင်းနှင်ခြင်းမပြုရန်၊ နှစ်ဦးထက်ပိုပြီး စီးနင်းခြင်း မပြုရန်တို့ကို အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ယာဉ်အန္တရာယ် ကင်းရှင်းစေရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှုဥပဒေနှင့် ပတ်သက်သည့် အသိပညာပေး လက်ကမ်း စာစောင်များနှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် နှာခေါင်းစည်းများ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းလုပ်ငန်းများ အပတ်စဉ်ဆောင်ရွက်ခဲ့သလို ဖမ်းဆီး အရေးယူခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမှတ်(၁၁၂) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး ရဲအုပ်ကြည်စိုးထံမှ သိရှိရ သည်။
ကျော်သူရ(ပြန်/ဆက်)