ဝန်းသိုမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာရေးနှစ် အတွက် ရေပေးရေးလုပ်ငန်း ဘတ်ဂျက် လျာထားနိုင်ရေး ရေသုံးစွဲမှု Data များ ကွင်းဆင်းကောက်ယူ

ဝန်းသို     နိုဝင်ဘာ     ၂၂

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများ သန့်ရှင်းသော သောက်သုံးရေ ရရှိရေးနှင့် ပူပြင်းခြောက်သွေ့သော နွေရာသီတွင် သောက်သုံးရေဖူလုံစွာ ရရှိစေနိုင်ရေး နှစ်စဉ် ရေရရှိရေး လုပ်ငန်းများကို ဘတ်ဂျက်လျာထား ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာရေးနှစ်အတွက် ရေရရှိရေးလုပ်ငန်းများ ဘတ်ဂျက်လျာထား တင်ပြနိုင်ရေးအတွက် ယမန်နေ့က စစ်ကိုင်းတိုင်း ဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၁၀ ရွာသို့ တာဝန်ရှိသူများက ကွင်းဆင်း၍ ကျေးလက်နေပြည်သူများ၏ လက်ရှိရေသုံးစွဲမှု အခြေအနေများကို စစ်ဆေးပြီး အချက်အလက်ကောက်ခြင်း လုပ်ငန်း ကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာရေးနှစ်အတွက် ရေရရှိရေးလုပ်ငန်းများ ဘတ်ဂျက်လျာထား ဆောင်ရွက်ပေးနိုင်ရေး ဖြစ်နိုင်စွမ်း (Facility Survey) ကွင်းဆင်းကောက်ယူရာတွင် မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ ဝန်ထမ်းများ က ကျေးရွာများတွင် လက်ရှိရေသုံးစွဲမှု အခြေအနေ၊ နွေရာသီသောက်သုံး ရေပြတ်လပ်နိုင်မှုရှိ/မရှိ၊ ရေအရင်းအမြစ် ရရှိနိုင်မည့် နည်းလမ်း၊ အကယ်၍ စက်ရေတွင်း လျာထားပေးပါက မြေနေရာရရှိနိုင်မှု အခြေအနေ၊ ကျေးရွာမှ ရေရရှိ ရေးလုပ်ငန်းကို ထိန်းသိမ်းနိုင်မှု ရှိ/မရှိတို့ကို မြေပြင်ကွင်းဆင်း၍ အချက်အလက်များ ကောက်ယူခဲ့ကြသည်။

ဝန်းသိုမြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၂-၂၀၁၃ ခု ဘဏ္ဍာရေးနှစ်မှ စတင်၍ နှစ်အလိုက် မူလ/မွမ်းမံ/ပြင်ထိန်း လုပ်ငန်းများဖြင့် ဘတ်ဂျက် လျာထားခြင်းအပြင် ကျေးရွာ ဖွံ့ဖြိုးရေးစီမံကိန်း (VDP)၊ မြစိမ်းရောင်ကျေးရွာစီမံကိန်းတို့ဖြင့် ရေရရှိရေး လုပ်ငန်းပေါင်း (၁၀၀) ကျော်တို့ကိုလည်း ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း မြို့နယ် ကျေးလက်ဦးစီးမှူး ဦးမြတ်မျိုးထွန်းထံမှ သိရသည်။

ကျော်မြိုင် (ပြန်/ဆက်)