မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြောင့် ရပ်နားထားသည့် ပုံမှန်ကာကွယ်ဆေးထိုးခြင်း အစီအစဉ်များ ပြန်လည်စတင်တော့မည်

ရန်ကုန်      နိုဝင်ဘာ      ၂၂

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် မွေးစမှ အသက် ၁ နှစ်ခွဲ ကလေးငယ်များအား ပုံမှန် ကာကွယ်ဆေးထိုးခြင်းအစီအစဉ်များကို ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှုမှ ကာကွယ်နိုင်ရေးအတွက် ခေတ္တ ရပ်နားထားခဲ့ရာမှ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ပြန်လည်စတင်ပေးတော့မည်ဖြစ်ကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေချိန်ဖြစ်သည့်အတွက် ကာကွယ်ဆေး ထိုးနှံပေးရာတွင် Outreach ( ကွင်းဆင်း စုရပ်နှင့် ထိုးပေးခြင်း) မပြုလုပ်ဘဲ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနနှင့် ဖ...လ ပြည်သူ့ကျန်းမာရေး ဌာနခွဲတို့တွင်သာ ထိုးနှံဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်း ရပ်ကွက်(၂၀) ရှိရာ ကာကွယ်ဆေး ထိုးမည့် ကလေးများ၏ အမည်စာရင်းများကို သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ် ရေးမှူးရုံးများတွင် သွားရောက် စာရင်းပေးကြရမည် ဖြစ်ပြီး တစ်ရက်လျှင် ကလေး( ၅၀) ဦး ကို ကာကွယ်ဆေး ထိုးနှံပေး မည်ဖြစ်ကြောင်းလည်း သိရသည်။

ကာကွယ်ဆေးလာရောက်ထိုးရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက်  မိဘအုပ်ထိန်းသူ တစ်ဦးနှင့် ကလေးတစ်ဦးစီကိုသာ ဝင်ရောက်ခွင့်ပြုမည်ဖြစ်ပြီး Social Distancing အတိုင်း စနစ်တကျနေထိုင်ရေးနှင့် Mask နှင့် Face Shield များ တပ်ဆင်လာရေးတို့အပြင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်ထားချက်များနှင့် အညီ လိုက်နာဆောင်ရွက်ရေး တို့ကိုပါ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ နှိုးဆော်ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

ချစ်စုဝေ (ပြန်/ဆက်)